စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာတွင် ရဲစခန်း၌တပ်စွဲထားသောစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ စျေးဆိုင်ခန်းများနှင့်လူနေအိမ် စုစုပေါင်း ၄၀နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့( ဇူလိုင်လ ၁၄ ရက်)ညပိုင်းက ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားရွာတွင်အထိုင်ချနေသောစစ်ကောင်စီတပ်သားများသည် အရက်သေစာများ သောက်စားပြီး စက်သေနတ်များ ၊လက်နက်ကြီးများ ၊သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ည၁၂နာရီခန့်တွင် ရွာအနောက်ဘက် သဲဘုတ်ကုန်းရှိ နေအိမ်၃လုံးနှင့် တဲ ၂လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ရှိမ်းမကားရွာလယ်ရှိဈေးကို ဝင်ရောက်မီးရှို့ခဲ့ရာ ဆိုင်ခန်းများနှင့် စျေးအနီးလူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ်နှင့်ဆိုင်ခန်း ၃၃လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။
“မီးရှို့တာက သုံးလေးကြိမ်လောက်ရှိပြီ။ တစ်ရွာလုံးမရှို့တဲ့သဘောမျိုးပဲမရှို့တာ။ အခုဟာကတော်တော်ကိုလောင်တယ်။စျေးကအကုန်လုံးနီးပါးပါသွားတာ။ သုံးပုံနှစ်ပုံလောက်ပါသွားတယ်။ စုစုပေါင်း ဆိုင်ခန်း၊ အိမ်၊ တိုက်တွေ၃၃လုံးလောက် ပါသွားတယ်။အဲဒါရွာထဲမှာ။ ရွာ့အပြင် သဲဘုတ်ကုန်းမှာလည်း ၄လုံး ၅လုံးလောက်လောင်သွားသေးတယ်။”ဟု Wetlet Informational Network အဖွဲ့၏ တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည်ရှိမ်းမကားရဲစခန်း၌ တပ်စွဲထားပြီး နေ့အချိန်တွင်မထွက်ရဲဘဲ ညအချိန်တွင်မူ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
“အရက်မူးတိုင်းရမ်းသမ်းပစ်တယ်။ ဟိုးအရင်ပြီးခဲ့တဲ့ ၇ လ ၈ လ လောက်ကလည်း လက်နက်ကြီးနဲ့ရမ်းပစ်လိုက်တာ အမျိုးသမီးတစ်ယောက် ထိမှန်တယ်။ ကလေးမှတစ်နှစ်သမီးလောက်ရှိသေးတယ်။”ဟုဒေသခံတစ်ဦးကပြောသည်။
ရှိမ်းမကားရွာစျေးသည် ဝက်လက်နယ်အရှေ့ခြမ်းကျေးရွာများ အားထားရသော စျေးကြီးတစ်ခုဖြစ်သည်။
ဝက်လက်နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။