မုန်တိုင်းဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ရာသီဥတုခန့်မှန်းချက်တွေကြောင့် တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေ သဘာဝဘေးအန္တရာယ် ကြိုတင်သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပညာပေး လက်ကမ်းစာစောင်တွေ ဝေမျှတာနဲ့ မိုးလေဝသသတင်းတွေပြောပြတာတွေ လုပ်ဆောင်နေပါတယ်။
အခုလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ ရွာလေးရွာကို တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က လိုက်လံဟောပြောခဲ့တာလို့ အဖွဲ့တာဝန်ခံက ပြောပြပါတယ်။
မျှဝေရာမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (NUG)က ထုတ်ပြန်ထားတဲ့ မိုးရာသီမှာ သတိပြုလိုက်နာဆောင်ရွက်ရမဲ့ အချက်အလက်တွေကို အဓိကထား မျှဝေခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေဝသအခြေအနေတွေကိုလည်း ပြောပြခဲ့တယ်လို့ တာဝန်ခံက ဆိုပါတယ်။
ဒေသတွင်း စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့တွေဖြစ်တဲ့ နွေဦးမေတ္တာစစ်ဘေးရှာင် ကူညီပံ့ပိုးရေးအဖွဲ့နဲ့ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီကနေ ရရှိထားတဲ့ အချက်အလက်တွေအရ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင် တစ်သောင်း နီးပါးရှိနေတယ်လို့ သိရပါတယ်။