
နိုဝင်ဘာ(၂)ရက် နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်တွင် ကင်းစောင့်နေသော စစ်ကောင်စီ လက်နက်ကိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မြင်းမူ PDF (People’s Defence Force Myinmu – MMUPDF) က ထုတ်ပြန်သည်။
နိုဝင်ဘာ(၂)ရက် နေ့လယ်(၁၂)နာရီက ကန်ဖျားဇရပ်တွင် ကင်းစောင့်နေသော စစ်ကောင်စီ လက်နက်ကိုင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး PDF များ အထိအခိုက် အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူ PDF က ဦးဆောင်ကာ မဟာမိတ်ညီနောင်များ ဖြစ်ကြသော Black Eagle Defence Force(MMU)၊ မြင်းမူလျပ်စီး ပြောက်ကျားတပ်ဖွဲ့နှင့် Falcon Force၊ Myin Mu Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြင်းမူ၊ အရာတော်၊ မုံရွာ၊ ချောင်းဦး၊ မြောင် စသည့် စစ်ကိုင်းတိုင်းအတွင်း အလယ်ပိုင်း မြို့နယ်များသို့ စစ်ကောင်စီက ထိုးစစ်ဆင်လျှက် ရှိသလို ဒေသခံတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များကလည်း စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ပြောက်ကျားတိုက်ခိုက်ခြင်းများဖြင့် ခုခံတော်လှန်လျှက် ရှိသည်။
