
ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ကလေးမြို့လယ်ခေါင်၊ တာဟန်းရပ်ကွက်၊ နေကြာတိုက် လမ်းကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု PDF -Kalay အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“နေ့လယ် ၂ နာရီကျော်လောက်က စပစ်တာပါ။ စစ်တပ်က နှစ်ယောက် သေတယ်။ ဒဏ်ရာ ရသွားတာတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုအပြီးတွင် အထက (၂) အထက်တန်း ကျောင်းလမ်းကို စစ်ကောင်စီတပ်များက ပိတ်ထားသည့်အပြင် နေကြာတိုက် လမ်းမကြီး တစ်လျှောက် စစ်ဆေးမှုများ တင်းကျပ်လျက် ရှိသည်ဟု ဆိုသည်။
နေကြာတိုက် လမ်းကြားရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးယောက်နှင့် ခုနှစ်ယောက် အကြား ပုံမှန် ရှိနေတတ်သည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ရဲစခန်းကို PDF Kalay က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီဘက်ကလည်း ယမန်နေ့တွင် PDF-Kalay တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်းပြီး ဆေးတပ်ဖွဲဝင် ၁၀ ဦးကို ဖမ်းဆီးသွားသည်။