
ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ကလေးမြို့လယ်ခေါင်ရှိ လေယာဉ်ကွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းဖြစ်ပွားပြီး လက်ပစ်ဗုံးသည် လေယာဉ်ပြေးလမ်းဘေး ခြုံတောများအတွင်းသို့ ကျရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
“လက်ပစ်ဗုံးသံကတော့ ကျယ်တယ်။ လေဆိပ်ကို ပစ်တာမျိုးမဟုတ်ဘဲ လေယာဉ်ပြေးလမ်းဘက်နားမှာပေါက်တာ။ လေဆိပ်ထဲမှာဆိုရင် လူတွေထိနိုင်တာပေါ့။ လေယာဉ်ပြေးလမ်းဘက် ခြုံတောဘက်ထဲကို ပစ်ပြီး ခြောက်လှန့်တာလို့ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။