
ကုလသမဂ္ဂဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အတွက် ကုလသမဂ္ဂ Credential Committee အစည်းအဝေး ဥက္ကဌအဖြစ်ဆောင်ရွက်သော ဆွီဒင်နိုင်ငံသံအမတ်က တရားဝင်ကြေညာပေး လိုက်သည်။
“သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ Credential Committee ဥက္ကဌဖြစ်သူ ဆွီဒင်နိုင်ငံသံအမတ်က တရားဝင် ကြေညာသွားပါပြီ။ ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကို ကုသလမဂ္ဂ အထွေထွေညီလာခံကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ထူးခြားချက်အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် နီးစပ်သော အင်အားကြီး နှစ်နိုင်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ဆုံးဖြတ်ချက်တွင် ကန့်ကွက်မှု မပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ကော်မတီမှာပါဝင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကော်မတီရဲ့ အခုဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့တဲ့ အတွက်ကြောင့် အထွေထွေ ညီလာခံကနေ ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်မယ်လို့ ယူဆရပါတယ်” ဟု ဦးအောင်မျိုးမင်းက သုံးသပ်ထားသည်။
ကုသလမဂ္ဂ Credential Committee အစည်းအဝေးတွင် အကြမ်းဖက် စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖြစ် စစ်သံအရာရှိ တစ်ဦးဖြစ်သူ အောင်သူရိန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်မပြုပေ။
ထို့အတူ အာဖဂန်နိုင်ငံမှ တာလီဘန်များ ခန့်အပ်သော ကိုယ်စားလှယ်ကိုလည်း Credential Committee အစည်းအဝေးတွင် လက်ခံမှု မရှိခဲ့ကြောင်း တွေ့ရသည်။