
နိုဝင်ဘာလ ၁၁ရက်က ကောလင်းအနောက်ခြမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကောလင်း PDF က ပြောက်ကျား သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်သော်လည်း လက်နက်ကြီးအမြောက်ဆံမှာ စစ်ကောင်စီတပ်ဖွဲ့အတွင်းပြန်ကျသွားကြောင်း သိရသည်။
ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KLPDF က နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းက သွားရောက်ပစ်ခတ်ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးဒဏ်ရာရမှုရှိကြောင်း၊ KLPDF ပြန်လည်ဆုတ်ခွာလာသည့်လမ်းတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်ခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကြီး အမြောက်ဆံအချို့မှာ စစ်ကောင်စီတပ်ဖွဲ့အတွင်း ပြန်လည်ကျရောက်ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးပစ်တဲ့ကောင် CDM လုပ်ထားပုံရတယ်(ရယ်လျက်)။ စစ်ကောင်စီတပ်ဖွဲ့က အကျအဆုံးရှိတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကောလင်းခရိုင်အနောက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်မီးရှို့ခြင်း၊ လူနေအိမ်များထဲသို့ လက်နက်ကြီးဖြင့် ပစ်ထည့်ခြင်းများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲသည့်အတွက် ကျေးရွာသား တစ်သောင်းကျော်စစ်ဘေး ရှောင်နေရကြောင်း စုံစမ်းသိရသည်။
ပုံအညွှန်း – တလွဲပစ်ခတ်လေ့ရှိသည့် မြန်မာစစ်သားများ