
တိမ်ပြာတွေ သာတဲ့နေ့တွေ
ငါတို့ပိုင်ဆိုင်ခဲ့ဖူးတယ်…။
.
ညညဆို အတားအဆီးမဲ့ကောင်းကင်အောက်
ငါတို့လက်တွဲလျှောက်ဖူးတယ်နော်…။
.
နင်က အနက်ဆို ငါကဖြူခဲ့ပေမယ့်
ဒီနွေဦးမှာတော့ ငါတို့နှစ်ယောက်လုံး
တူညီစွာ ရဲရင့်နီစွေးခဲ့ကြတယ်…။
.
ငါကသံပုံးတီးတော့ နင်လည်း အားကျမခံ…
ငါကလမ်းပေါ်ထွက်တော့ နင်ကဘေးကကပ်လျက် အမြဲပါတယ်…
“ငါတို့အနာဂတ်ကို ငါတို့ပြန်ယူမှ ရမယ်” ငါပြောတော့
“နင်သွားတဲ့နောက် ငါလည်းလိုက်မယ်”တဲ့လား…။
.
ငါဒဏ်ရာရရင် နင်ဆေးလူးပေးတယ်…
နင်အိမ်ကိုလွမ်းလို့ငိုရင်လည်း ငါနှစ်သိမ့်ရတာပါပဲ…။
.
အရင်ကနူးညံ့လှတဲ့လက်ဖဝါးလေး အသားမာတက်တော့
ငါ့မှာ မကြည့်ရက်နိုင်ပြန်ဘူး…။
.
နင့်မွေးနေ့မှာ ကြယ်ပုံလည်ဆွဲလေးငါပေးတော့
“တန်ဖိုးကြီးတာတွေမလိုပါဘူး…
ငါ့အတွက် အဓိပ္ပါယ်ရှိရင်ပြီးတာပဲ…
ငါကြယ်လေးတွေကိုသိပ်ချစ်တာ…”လို့နင်ပြောခဲ့တာ
ငါ့နားထဲအခုထိ ကြားနေတုန်းပဲ…။
.
ဒီခရီးကို လျှောက်လာတာ အချိန်မရွေး
ဝေးလွင့်နိုင်တယ်လို့ ငါသိထားပေမယ့်
အဲ့လောက်မြန်မြန် နင်အစောကြီးထွက်ခွာသွားမယ် ငါမတွေးခဲ့မိဘူး…။
.
“ငါအရင်သေသွားရင် နင်မငိုရဘူးနော်…
မျက်ရည်တော့ ကျလို့ရတယ်…
အောင်ပွဲရတဲ့အခါမှ အတိုးချငိုပေါ့ဟာ…
ပြီးတော့ ဒီကြယ်ပုံလည်ဆွဲလေးကိုင်ပြီး
ညတိုင်း ကောင်းကင်ပေါ်ရောက်နေတဲ့ငါ့ကို စကားပြောပြီး အဖော်ပြုပေး…”
ဆိုပြီးနင်ပြောတုန်းက
ငါ့ကို နောက်နေတယ်ပဲထင်ခဲ့တာ…။
.
“အေး…ငါအခုထိ မငိုရသေးပါဘူးဟာ…
အဲ့နေ့က မျည်ရည်နှစ်ပေါက်တော့ ငါမျက်လုံးက ယိုကျတယ်။
.
ကြယ်ပုံလည်ဆွဲလေးလည်း ငါသိမ်းထားတယ်…
ညတိုင်းလည်း ကောင်းကင်ကိုမော့ကြည့်ပြီး စကားတွေပြောဖြစ်တယ်…
နင်ကောင်းကင်မှာ ပျော်ရဲ့လား…
အောင်ပွဲက နီးလာပါပြီ…
ငါလည်း အားရပါးရငိုချင်တယ်ဟာ…။
.
သစ်လင်းငြိမ်