
ကျပ်သိန်း(၂၀၀)ထက် ပိုမိုသည့် ကုန်ပစ္စည်း အရောင်းအဝယ် လုပ်ဆောင်ပါက ဘဏ်စနစ်ဖြင့် ငွေပေးချေရမည် ဖြစ်သော်လည်း အဆိုပါ ဘဏ်သွင်းငွေများကို အပြည့်အဝ ပြန်လည်ထုတ်ယူခွင့် မရှိဘဲ ငွေသားတဝက်ကို ဘဏ်စာရင်းတွင် ရက်ပေါင်း(၃၀)ကျော် ထားရှိပြီးမှသာ ထုတ်ယူခွင့်ရှိမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်သည်။
ကျပ်သိန်း(၂၀၀)ထက် ပိုမိုသော အရောင်းအဝယ် လုပ်ဆောင်မှုများအတွက် ငွေသားဖြင့် ပေးချေမူကို ကန့်သတ်ကြောင်း စကစဗဟိုဘဏ်က နိုဝင်ဘာ(၃)ရက်တွင် အမိန့်ထုတ်ခဲ့ပြီး ယင်းအမိန့်နှင့်ပတ်သက်၍ အမေးများသည့် မေးခွန်းနှင့် အဖြေများဟုဆိုကာ ယနေ့ နိုဝင်ဘာ(၈)ရက်တွင် ထပ်မံထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
ဗဟိုဘဏ်၏ ယနေ့ ထုတ်ပြန်ချက်အရ ကျပ်သိန်း(၂၀၀)ထက် ပိုမိုသဖြင့် ဘဏ်စနစ်ဖြင့် ပေးချေထားသော ငွေများကို ပြန်လည်ထုတ်ယူလိုပါက အထူးဘဏ်စာရင်းဖြင့် ငွေပေးချေထားပါက (၅၀) ရာခိုင်နှုန်းကိုသာ နှစ်ကြိမ်နှင့် သုံးကြိမ်ခွဲ၍ ထုတ်ယူရမည် ဖြစ်ကြောင်း၊ ကျန် (၅၀)ရာခိုင်နှုန်းကို ဘဏ်စာရင်းတွင် ရက်ပေါင်း(၃၀)ကျော် ထားရှိပြီးမှသာ ထုတ်ယူခွင့်ရမည်ဖြစ်ကြောင်း၊ ဘဏ်စာရင်း အဟောင်းများဖြင့် ပေးချေထားပါကမူ (၂၅)ရာခိုင်နှုန်းသာ ထုတ်ယူခွင့်ရှိမည်ဟု ဆိုသည်။
အိမ်ခြံမြေ၊ ကားနှင့် ကုန်စည် အရောင်းအဝယ်နှင့် ဝန်ဆောင်မူများအတွက် ငွေပေးချေရာတွင် ကျပ်သိန်း (၂၀၀) ကျော်လွန်ပါက မဖြစ်မနေ ဘဏ်စနစ်ကို သုံးရမည်ဖြစ်ပြီး ဘဏ်စနစ်မသုံးပါက အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က နိုဝင်ဘာ(၃)ရက်တွင် အမိန့်ထုတ်ထားသည်။ ငွေပေးချေမှုအပြင် အိမ်ခြံမြေနှင့် ကားများ အမည်ပေါက် ပြောင်းလဲရာတွင်လည်း ဘဏ်စနစ်ဖြင့် ငွေပေးချေထားကြောင်း အထောက်အထား ပြုရမည်ဟု ဗဟိုဘဏ်က ကန့်သတ်ထားပြန်သည်။
စစ်ကောင်စီဗဟိုဘဏ်၏ ကန့်သတ်ချက်များသည် စီးပွားရေးလုပ်ငန်းများအတွက် အခဲအခက်ဖြစ်စေကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် အများပြည်သူ လိုက်နာရန် ခက်ခဲသော၊ ရှေ့နောက်မလျှော်ညီသော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။
“ရောင်းလိုက်တဲ့ ကုန်ပစ္စည်းကို ငွေအပြည့်မရဘဲ တစ်လလောက်ကြာမှ တဝက်ရမယ်ဆိုတော့ နောက်တခုကို ဘယ်ငွေနဲ့ ပြန်ဝယ်ရမလဲ။ တော်တော်လေး ဆင်ခြင်တုံတရား နည်းတဲ့ ညွန့်ကြားချက်လို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဗဟိုဘဏ်၏ အထက်ပါ အမိန့်နှင့် ညွှန်ကြားချက်များသည် ဘဏ်များအပေါ် လူထုယုံကြည်မှု လျော့နည်းခြင်းကို အဓမ္မနည်းဖြင့် ပြန်လည်ကုစားရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ ဗဟိုဘဏ်ကမူ ငွေကြေးခဝါချမူ ထိန်းချုပ်ရန်နှင့် ဒစ်ဂျစ်တယ် စီးပွာရေး အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထက်ပါအတိုင်း ကန့်သတ်ရခြင်းဖြစ်သည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်သည် သာမန်အခြေအနေတွင် လွတ်လပ်စွာရပ်တည်ပြီး တိုင်းပြည်စီးပွားရေးအတွက် ငွေကြေးဆိုင်ရာ မူဝါဒများကို ချမှတ်လုပ်ဆောင်ရသည့် အဖွဲ့အစည်း ဖြစ်သည်။
ဗဟိုဘဏ် ဥက္ကဌနှင့် ဒု-ဥက္ကဌများကို ခန့်အပ်နိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းရပြီး လွှတ်တော်၏ အတည်ပြုချက်ဖြင့်သာ ခန့်အပ်ရသည်။
လက်ရှိ အာဏာသိမ်းကာလ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားချိန်တွင်မူ စစ်ကောင်စီက ၄င်းတို့ သဘောထားအတိုင်း ဦးသန်းညိန်းဆိုသူကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီမှ စတင်ကာ ဗဟိုဘဏ် ဥက္ကဌ အဖြစ် ခန့်အပ်ထားသည်။