
ကျပ်သိန်း ၂၀၀ အထက် ငွေသားပေးချေမှုအတွက် ဘဏ်စနစ်ကို သုံးရမည်ဖြစ်ပြီး အသုံးမပြုပါက အရေး ယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ငွေပေးချေမှုစနစ် ထိရောက်စွာ အကောင်အထည်ဖော်ရန်ဟု အကြောင်းပြချက်ဖြင့် ဖော်ပြထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် အခြေပစ္စည်းနှင့် ကုန်ပစ္စည်း ရောင်းခြင်းဝယ်ခြင်း ၊ လွှဲပြောင်းခြင်းအတွက် ငွေသားပေးချေမှု ကျပ်သိန်း ၂၀၀ ထိ ပေးချေနိုင်ပြီး ထိုပမာဏထက်ပိုသော ငွေပေးချေမှုများအတွက် Mobile Banking ၊ Internet Banking ၊ ဘဏ်ကတ်၊ ချက်လက်မှတ် ၊ Account Transfer ၊ ဘဏ်ငွေလွှဲ စနစ်ဖြင့်သာ ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
” ငွေသားမသုံးစေချင်လို့၊ wave money တို့ kpay တို့လို့ digital payment တွေပိုသုံးစေချင်လို့ ခုလို ထုတ်ပြန်တာ ဖြစ်မယ်” ဟု ဘဏ်လုပ်ငန်းရေးရာ ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အခြေပစ္စည်းများဖြစ်သည့် အိမ်ခြံမြေ၊ ရွှေ နှင့် ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း ပြုလုပ်ရာ၌ ငွေသား ကျပ်သိန်း ၂၀၀ ထိသာ အသုံးပြုရမည်ဖြစ်ပြီး ထို့ ထက် ကျော်လွန်ပါက Digital Payment ကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည် ။
” အဓိကကတော့ စစ်ကောင်စိက ငွေသားထုတ်မပေးနိုင်တော့လို့ပဲ။ ပုံမှန်ဆိုရင်တော့ Digital Payment က ကောင်းတယ်လို့ ပြောလို့ရနိုင်ပေမဲ့ အပြင်မှာက ငွေသားရှားပါးနေသလို ဘဏ်တွေကတစ်ဆင့် ထုတ်ရခက်ခဲတာ ။ ထပ်ဆောင်းရာခိုင်နှုန်းပေးနေရတာတွေရှိတော့ ကမောက်ကမတွေ ဖြစ်လာမယ် ထင်တာပဲ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။
အဆိုပါ ငွေသားပေးချေမှုကန့်သတ်ချက် အကောင် အထည်ဖော်ရန် ဗဟိုဘဏ်က ပြည် တွင်း အခွန်ဦးစီးဌာန ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အပါအဝင် ရွှေလုပ်ငန်းရှင်များအသင်း၊အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ဘဏ်အသင်း၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။