
နိုဝင်ဘာလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေနဲ့KNLA တပ်မဟာ(၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘပ်က ထိခိုက်သေဆုံးမှုရှိတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။
နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃)တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ၆ သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က နယ်ကျော်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်တာ။ သူတို့ဘက်က ဘယ်တပ်တွေပါလဲဆိုတာတော့ မသိရဘူး။ BGF အဖွဲ့တွေမပါဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတဲ့သူလဲရှိတယ်”လို့ KNAL တပ်မဟာ(၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တာကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။