
ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲ-ဝဲဂလောင်းကျေးရွာ ပင်လယ်ပြင် ကမ်းခြေအနီးရှိ ကျိုက်နဲရေလယ်ဘုရား သွားရောက်ဖူးမျှော်သူများ ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း NUG အစိုးရ ယာယီသမ္မတရုံးက ထုတ်ပြန် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကျိုက်နဲရေလယ်ဘုရား သွားရောက် ဖူးမျှော်သူများသည် ပင်လယ်ရေ ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ဘုရားဖူးသူ (၁၅)ဦး ရေထဲ မျောပါ သေဆုံးကာ (၃၀)ဦး ပျောက်ဆုံးနေသည့်ကိစ္စရပ်အတွက် မိမိတို့ အမျိုးသား ညီညွတ်ရေးအစိုးရမှ အထူးပင် စိတ်မကောင်းဖြစ်ရပြီး မိသားစုများနည်းတူ ထပ်တူဝမ်းနည်းကြေကွဲရကာ ဒေသခံမိဘပြည်သူများအနေဖြင့် ကျန်ရစ်သူ မိသားစုများအား ကိုယ်အားစိတ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက် ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း NUG အစိုးရ ယာယီသမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များက ယနေ့မွန်းလွဲ (၃) နာရီတွင် ရေများ ပြန်လည် မြင့်တက်လာ ခြင်းကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်နားထားရပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ဌာနေအရပ်ဖက် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုများက စနစ်တကျ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသူများကို အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ချီးကျူးဂုဏ်ပြုကာ ဘေးရန်ကင်းစွာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟုလည်း ဆုတောင်း အပ်ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။