
ကျောက်မျက်ရတနာ ပြပွဲ ကျင်းပမည့် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ အနီးတစ်ဝိုက်တွင် ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေပိုင်းမှ စပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။
(၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီလ ၂၂ရက်နေ့မှ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားသည်။
လက်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ဝင်ပေါက်များ အနီးတစ်ဝိုက်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အချို့ စောင့်ကြပ်နေပြီး ခန်းမ အနောက်ဘက် လမ်းတစ်လျှောက်တွင် ဆိုင်ကယ်၊ ကားအဝင် အထွက် ပိတ်ထားပြီး စောင့်ကြပ်နေကြောင်း သိရသည်။ကျောက်မျက်ပြပွဲ တက်ရောက်မည့်သူများ အနီးအနားရှိ ရပ်ကွက်အတွင်း အခန်းများ ငှားရမ်း ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သပြေကုန်းရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။
ရတနာပြပွဲတွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အတွဲများကို ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ပြပွဲကို စစ်ကောင်စီ လက်ထက် ပထမဆုံး အကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်စွာ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပုလဲ အတွဲများနှင့် ကျောက်စိမ်း အတွဲများ ပြပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။



