
စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့၊ ရွာသစ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသူ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ရွာသစ်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်ဟု ဆိုသူ မောင်မြင့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Black Wolf PDF က မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“အခုသေဆုံးသွားတဲ့ မောင်မြင့်က ဒီဘက်တစ်ကြောမှာ စစ်ကောင်စီစစ်ကြောင်းနဲ့လိုက်ပြီး လမ်းပြမှုတွေလုပ်နေသူပါ။ ကျေးရွာတွေကို မီးရှို့ဖို့လုပ်ဆောင်မှုတွေမှာလည်း ပါဝင်ပတ်သက်နေတယ်။ ကျောက်မြောင်းတံတားပေါ် လာတဲ့လူတွေကိုလည်း စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုက်နှက်စစ်ဆေးဖမ်းဆီးမှုတွေ ပိုက်ဆံတောင်းတာတွေ ရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များအနေဖြင့် နှုတ်ထွက်၍သော်လည်းကောင်း၊ အညံ့ခံ၍သော်လည်းကောင်း မိမိတို့လုပ်ရပ်များကို ရပ်တန့်ကြရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက အတွင်းစည်းမှ ဆက်လက်ရှင်းလင်းရမည်ဖြစ်ကြောင်းလည်း Black Wolf PDF တာဝန်ရှိသူက ပြောကြားထားသည်။