
နိုဝင်ဘာ(၆)ရက်က စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး အေးချမ်းသာရွာဝန်းကျင်တွင် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)rများ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးသလို PDF ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း ကျွန်းလှဒေသ တော်လှန်ရေး အင်အားစုများက ပြောသည်။
စစ်ကောင်စီ လက်နက်ကိုင်များ အေးချမ်းသာရွာမှ ပြန်ထွက်သွားချိန် ယနေ့ နိုဝင်ဘာ(၁၀) နံနက်ပိုင်းတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ သွားရောက်ရှာဖွေရာမှ ကျဆုံးသည့် PDF ရဲဘော်များ၏ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ပြည်သူတွေလည်း ထိတယ်လို့ ပြောတယ်။ အေးချမ်းသာရွာထဲမှာ လက်နတ်ကြီးနဲ့ ပစ်တော့ စက်သေနတ်နဲ့ ရမ်းတော့ ချက်ချင်းလက်ငင်း ရှောင်ရင်းပုန်းရင်း၊ ပြေးရင်းလွှားရင်းနဲ့ ထိသွားတာပေါ့။ စခတွေက ပြောသွားတယ်တဲ့ အေးချမ်းသာရွာထံမှာ ခြောက်လောင်းရှိတယ်။ အမျိုးသမီးလည်း ပါတယ်လို့ ပြောသွားတယ်။ ဒါပေမယ့် သွားရှာနေတုန်း ကြည့်နေတုန်း တွေ့တာတော့ မတွေ့သေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်သုံးဦးသည် အေးချမ်းသာ၊ လိပ်ဆင်းတောင်နှင့် တပူတော ကျေးရွာမှ ဒေသခံအမျိုးသားများ ဖြစ်သည်ဟု ဆိုသည်။
အေးချမ်းသာရွာနှင့် သဖန်းဆိပ်ဆည်အနီးဝန်းကျင်ရှိ ကျေးရွာများ၌ တိုက်ပွဲစဉ်က ပျောက်ဆုံးနေသူ အချို့သာ ရှိပြီး PDF ရဲဘော် တစ်ဦးမျှ ကျဆုံးခြင်း မရှိဟု ထင်မြင်ယူဆခဲ့သော်လည်း စစ်ကောင်စီ လက်နက်ကိုင်များ ပြန်ထွက်သွားသည့်အချိန် ဒေသခံများက ရှာဖွေကြည့်ရှု့ရာမှ ကျဆုံးသူ အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီ လက်နက်ကိုင်များလည်း ကျေးရွာများတွင် တစ်ဦးမျှ မရှိတော့ဘဲ တပ်ဖျောက်သွားသည်ဟု ဒေသခံများက ဆိုသည်။
“သူတို့ တိုက်ပွဲတစ်ခုရှိလို့ ပြောခေါ်သွားတယ်လို့လည်း ကြားတယ်။ အဲဒါကို မျက်မြင်ကိုယ်တွေ့အကုန်လုံး မပြောနိုင်ကြဘူး ဖြစ်နေတာ။ လောလောဆယ်တော့ တပ်ပျောက်ကြီး ဖြစ်နေတာ။ အေးချမ်းသာရွာထဲမှာလည်း ဘာမှရှိတော့ဘူး။ လိပ်ဆင်းတောင်ရွာထဲမှာလည်း မရှိဘူး။ ဒါပေမဲ့ ကျန်နေခဲ့တဲ့ စစ်သားတွေက ဘယ်ရောက်နေလဲဆိုတာလည်း မသိဘူး။ တပ်ဖျောက်ထားတယ်ပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ သဖန်းဆိပ်ဆည်အနီး ထိုးစစ်ဆင်နေသော စစ်ကောင်စီ လက်နက်ကိုင်များကို နိုဝင်ဘာ(၈)ရက်တွင် ရဟတ်ယာဉ်ဖြင့် ပြန်ခေါ်သွားခြင်း ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်သည်။
စစ်ကောင်စီ လက်နက်ကိုင်များသည် အောက်တိုဘာ (၂၈)ရက်မှ စတင်ကာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာများသို့ လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်ခဲ့ပြီး ကျေးရွာများသို့ စီးနင်းဝင်ရောက် လုယက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။
ကျွဲတဲနှင့် လွှတ်တိုက်ရွာမှ ဒေသခံနှစ်ကို စစ်ကောင်စီလက်နတ်ကိုင်များက သတ်ဖြတ်ခဲ့သလို နေအိမ်အချို့ကို ချိန်းစောဖြင့် တိုက်ကာ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့နောက် နိုဝင်ဘာ(၆)ရက်တွင် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီ လက်နက်ကိုင် အများအပြား သေခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ(၉)ရက်တွင် စစ်ကောင်စီ လက်နက်ကိုင်များ တပ်ဖျောက်သွားခြင်း ဖြစ်သည်။