
မြဝတီမြို့အနီးမှာရှိတဲ့ ကေအဲန်ယူရဲ့ လေးကေကော်မြို့သစ်ထဲကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတက်တွေဝင်ရောက်ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒီလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားမှုကို လုံးဝချိုးဖောက်တာပဲလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ လေးကေကော်မြို့သစ်ထဲမှာနေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အရင်က လေးကေကော်မြို့သစ်ထဲကို လာရောက်ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိပေမယ့် ဒီတစ်ခေါက်မှာတော့ အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တဲ့အပြင် လူအချို့ကိုပါ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
“ကျနော်တို့ ထူးထူးခြားခြားပြောစရာတော့ မရှိဘူး။ ဒါလူသားချင်းစာနာထောက်ထားမှု အနေအရ ကျနော်တို့ လက်ခံထားတဲ့လူ အဲ့ဒါကိုစည်းစောင့်ဖို့လိုတယ်။ ကျနော်ဒါပဲပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလူတွေက အသက်ဘေးကနေ တိမ်းရှောင်နေရတဲ့လူ ကျနော်တို့ လူသားချင်းစာနာမှုထောက်ထားတဲ့ ရှုထောင့်ကနေပြီးတော့ ကျနော်တို့လက်ခံထားတဲ့လူတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါလေ ဒါကတော့ လေးစားလိုက်နာဖို့လိုတယ်။ အခုဖြစ်နေတဲ့ကိစ္စ အဲ့ဒီအချက်အလက်တွေကို လုံးဝမလေးစားဘူးဆိုတာ ရှင်းနေတာပဲလေ။ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ တကမ္ဘာလုံးက လက်ခံကျင့်သုံးနေတဲ့ဥပဒေကို လုံးဝချိုးဖောက်တာပဲ” လို့ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဝင်ရောက်ရှာဖွေဖမ်းဆီးစစ်ဆေးနေတာတွေပြုလုပ်ခဲ့လို့ ဒေသခံတွေတချို့ တိမ်းရှောင်ထွက်ပြေးနေခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားမှာကို ဒေသခံတွေကလည်း စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။