
ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ ၂၀၂၁ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့ အခြေစိုက်သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်တပ်စခန်းကို KNLA တပ်မဟာာ ၁ တပ်ဖွဲ့ဝင်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင် ၇ ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ တပ်မဟာ ၁ မှ ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။
ကြပ်သောင်းဆိပ်တိုက်ပွဲသည် ဒီနေ့မနက် ၅ နာရီကျော်မှာစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေ ပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်လောက်မှာတကြိမ်နှင့် ၈ နာရီခွဲလောက်မှာတစ်ကြိမ် စစ်ကောင်စီလေယာဉ်တစ်စင်းလာရောက်ပျံဝဲခဲ့တယ်လို့ အထက်ပါ ဗိုလ်ကြီးကပြောပါတယ်။
အဲ့ဒီလေယာဉ်ဟာ ဘီးလင်းမြို့နယ်က လေးကေရွာ၊ မြစ်ကျိုးရွာ၊ ကြိုးဝိုင်း၊ ပျဉ်းမပင်ဆိပ်နှင့် ကြပ်သောင်းဆိပ်ကျေးရွာတဝိုက်တွေမှာ လိုက်ပတ်ကြည့်ရှုနေတယ်လို့ သူကဆိုပါတယ်။
“စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဘက်က ၇ ဦးက လက်နက်အပြည့်အစုံနဲ့အဖမ်းခံတယ်။ အားလုံးကလျှာတွေတောက်ပြီးစကားတောင်မပြောနိုင်ကြဘူး၊ သူတို့ရဲ့စခန်းမှူးက ထိခိုက်ဒဏ်ပြင်းထန်စွာရတယ်” လို့ အဆိုပါဗိုလ်ကြီးက ပြောပါတယ်။
ကြပ်သောင်းဆိပ်တိုက်ပွဲပြင်းထန်လို့ ဘောကျို့လှိုင်ဖက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးကူပစ်တာရှိတယ်ပြီး ကျည်တွေက ကြပ်သောင်းဆိပ်ရွာအရှေ့ဖက်ခြမ်းမှာကျတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လူနေအိမ်တွေမထိပေမဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံကြောင့် ကြပ်သောင်းဆိပ်ရွာအရှေ့ပိုင်းက အမျိုးသမီး ၂ ဦးသေဆုံးတယ်လို့ ဒေသခံရွာသားထံမှသိရှိရပါတယ်။
ဒီညနေမှာကြပ်သောင်းဆိပ်ရွာသားများအားလုံးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးလို့လည်း ဒေသခံတွေကဆိုပါတယ်။
ကြပ်သောင်းဆိပ်ကျေးရွာအရှေ့ဖက်ခြမ်းသည် မွန်ပြည်နယ်မှာတည်ရှိပြီးအနောက်ဖက်ခြမ်းသည် ကရင်ပြည်နယ်မှာတည်ရှိပါတယ်။ ဒီမနက် လေးကေစခန်းမှစစ်ကူလိုက်လာမည့် စစ်ကောင်စီအဖွဲ့သည် စခန်းမှထွက်ခွာလာပြီးမောကလိုးအရောက်မှာတိုက်ခိုက်ခံရတာကြောင့်ရှေ့မတိုးရဲတော့ဘဲ လေးကေစခန်းသို့ပြန်သွားကြတယ်လို့ KNLA တပ်မှူးတစ်ဦးကပြောပါတယ်။
ကြပ်သောင်းဆိပ်စခန်းသွားရောက်တိုက်ခိုက်မှုမှာ KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတယ်လို့ဆိုပါတယ်။
ဓာတ်ပုံ – KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။