
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မန်ကျည်းပင်ကျေးရွာအုပ်စု၊ မန်ကျည်းပင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက နယ်ထိန်းတစ်ဦးအရက်မူးပြီး ကျေးရွာအတွင်း သေနတ်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
မန်ကျည်းပင်ကျေးရွာ အပြင်ဘက်တွင်ရှိသော ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ပျောက်သည်ဟုဆိုကာ နယ်ထိန်းကောင်းမြတ်ဇော်ဝင်းဆိုသူက ဆဲဆိုကြိမ်းမောင်းပြီး ကျေးရွာအတွင်း သေနတ်ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။
“ရွာအပြင်မှာရှိတဲ့ ကြံခိုင်ရေး ဆိုင်းဘုတ်ပျောက်တယ်ဆိုပြီး ရွာထဲကို သေနတ်နဲ့ဝင်လာပြီး မိုးပေါ်ကိုထောင်ပစ်နေတာပါ၊အရက်ကလည်းမူးနေပါတယ်၊ဘယ်သူ့ကိုမှတော့ ထိမသွားပါဘူး၊ရွာသူ ရွာသားတွေကတော့ စိုးရိမ်နေကြပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ နယ်ထိန်းသည် မန်ကျည်းပင်ကျေးရွာ တဖက်ကမ်း သုံးခွကျေးရွာတွင်ရှိသော သုံးခွနယ်မြေရဲစခန်းမှ နယ်ထိန်းဖြစ်သည်ဟုသိရပြီး ပစ်ခတ် မှုများပြုလုပ်ပြီး မိနစ်အနည်းငယ်တွင် သုံးခွနယ်မြေရဲစခန်းမှ စခန်းမှူးဆိုသူက ၎င်းနယ်ထိန်းအား ပြန်လည်ခေါ်ဆောင်သွားကြောင်းဒေသခံတစ်ဦးကပြောသည်။