
နိုဝင်ဘာလ (၅)ရက်နေ့ ညပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ကင်းလှည့်ယာဉ်တစ်စီး ဒေးဒနောနှင့် အင်္ဂလုံးကျေးရွာကြား ရန်ကြီးအောင် သုဿန်အနီး၌ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား(၇)ဦးသေဆုံးကာ ၁၃ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးနောက် (၄)ဦးထပ်မံသေဆုံးခဲ့ကြောင်း တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီပြန်ကြားရေးက ဟုတ်မှန်ကြောင်း သတင်းထုတ်ပြန်သော်လည်း စစ်သားများ သေဆုံးသည့် သတင်းကို ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က ဒေးဒနောကျေးရွာနှင့် အင်္ဂလုံးကျေးရွာရှိ အရပ်သားပြည်သူ(၄၀)ကျော်ကို အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် ဒေးဒနော ကျေးရွာမှအသက် (၁၉)နှစ်အရွယ် မောင်ဇင်ဝေအောင်၊ အသက် (၄၀)အရွယ် ကိုမင်းဇော်ဦးတို့သည် စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့ရပြီး စစ်တပ်က မိသားစုထံအလောင်းပြန်မပေးဘဲ သင်္ဂြိုလ်နေရာသာ လိုက်ခွင့်ပေးခဲ့သည်။
ဒါ့အပြင် နိုဝင်ဘာလ (၇)ရက်နေ့တွင်လည်း ဒေးဒနောကျေးရွာ ကွင်းထဲရှိ တဲအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ သွားရောက်ရှာဖွေရာမှ မတွေ့သဖြင့် အနီးရှိ တဲအိမ်မှ ပြည်သူတစ်ဦးက ကြောက်လန့်ထွက်ပြေးရာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေရာတွင်သေဆုံးကာ စစ်တပ်က အလောင်းယူသွားကြောင်း ဒေသခံတွေထံက သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား NUGကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး လူထုကို ဒုက္ခမပေးဘဲ လက်နက်ကိုင်အချင်းချင်း သတ္တိရှိရှိရင်ဆိုင်ကြရန် စစ်ကောင်စီကို တိုက်ခိုက်မှု video fileနှင့်တကွ စိန်ခေါ်သတိပေးထားသည်။