
ရန်ကုန်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ဇင်ဝေအောင်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း၊ မိဘကို အလောင်းလာထုတ်ယူရန် ယနေ့ အကြောင်း ကြားလာကြောင်း ဒေသခံများက ပြောဆိုသည်။
” အကြမ်းဖက်စစ်တပ်ရဲ့ မတရားညှင်းပန်းနှိပ်စက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဒေးဒနောကျေးရွာက အသက် (၁၉)နှစ်အရွယ် မောင်ဇင်ဝေအောင် နိုဝင်ဘာ (၆)ရက်ညမှာ သေဆုံးခဲ့ပါတယ်။ အလောင်းလာယူဖို့ စစ်တပ်က ကာယကံရှင်ရဲ့ အိမ်ကို ဒီကနေ့မနက်ပိုင်းက လာပြောသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ ကင်းလှည့် ယာဉ် ၁စီး တိုက်ခိုက်ခံပြီး စစ်သား ၇ ဦးသေဆုံးပြီးနောက် ရန်ကြီးအောင်ရွာနှင့် ဒေးဒနောရွာမှ မောင်ဇင်ဝေအောင် အပါဝင် ပြည်သူ ၄၃ ဦးကို စစ်တပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာ ၆ရက်နေ့ နံနက်ပိုင်းတွင် ရန်ကြီးအောင်ရွာက ဒေသခံပြည်သူ ၃၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဒေးဒနောရွာက ဒေသခံပြည်သူ ၁၂ ဦးကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
“အဖမ်းခံရထားတဲ့ အမျိုးသမီး၊ အမျိုးသားအားလုံး အရမ်းနှိပ်စက်ထားတယ်။ အဲဒီအထဲမှာ ၁၀ ဦးလောက်ကတော့ သေဖို့များတယ်လို့ပြောတယ်။ ဆေးကုသခွင့်တွေ ဘာတွေ မပေးဘဲ ရိုက်နှိက်နှိပ်စက်တယ်လို့ကြားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်သူ မောင်ဇင်ဝေအောင်။