
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ၅ဦးကို King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း King Cobra-Khin U အဖွဲ့ထံက သိရသည်။
ယင်းသတ်ဖြတ်ခံရသူ ၅ဦးမှ စိုင်ဂေါင်းရွာသား ဦးမြင့် အသက် (၅၀)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဘို့ကောက် (ခ) ဒေါ်ဌေးရှင် အသက် (၅၀)၊ ကုလားလူးရွာသား ညိုကြီး အသက် (၂၅) နှစ်၊ ရွှေမင်းဝံရွာသား ဇော်မင်းငြိမ်း အသက် (၃၅)နှစ် နှင့် ၎င်းနှင့်တစ်ရွာတည်း နေထိုင်သူ မမိုးသန်းငြိမ်း အသက် (၄၀)နှစ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ဦးမြင့်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဘို့ကောက် (ခ) ဒေါ်ဌေးရှင်တို့သည် ကျေးရွာအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စုံစမ်းကာ ပျူစောထီးအဖွဲ့များထံ သတင်းများ အဆက်မပြတ် ပေးပို့ခြင်း ကျေးရွာအတွင်းသို့ လာရောက်သည့် ပျူစောထီးအဖွဲ့များကို ထမင်းဧည့်ခံကျွေးမွေးကာ ပျူစောထီးအဖွဲ့များကို သတင်းများအချိန်မီ ပို့နိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က ဖုန်းဝယ်ပေးထားသည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ထို့ပြင် သေဆုံးသူ ညိုကြီးဆိုသူသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ကျေးရွာအတွင်း ပျူစောထီးအဖွဲ့စည်းရန် စည်းရုံးနေသူဖြစ်ကာ ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့များ လာရောက်စဉ်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်ကို လိုက်လံပြသကာ ဖျက်ဆီးခိုင်းသူဖြစ်ကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။
ရွှေမင်းဝံရွာသား ဇော်မင်းငြိမ်းနှင့် မိုးသန်းငြိမ်း ဆိုသူတို့သည်လည်း ပျူစောထီး သင်တန်းတက်ထားသော ပျူစောထီးအဖွဲ့ဝင်များဖြစ်ကာ PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးသူများဖြစ်ကာစစ်တပ်ကို ဆန်၊ ဆီ ရိက္ခာများ ထောက်ပံ့ရေး လုပ်ဆောင်ပေးနေသူများ ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။