
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မရမ်းအင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ပြီး ကျေး ရွာ ထိပ်တွင် နွားစာရိတ်နေသည့် အသက် ၆၅ နှစ်အရွယ် အဘိုးအို ဦးသာအေးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“မရမ်းအင်းရွာကို စခတွေက ၁၃ ရက်နေ့ နံနက်ပိုင်းက ဝင်စီးတယ်။ စခတွေက တောလမ်းအတိုင်းလာတာ အဲတာရွာထိပ်မှာ နွားစာအတွင် မြက်ရိတ်နေတဲ့ ကိုသာအေးကို တွေ့တာနဲ့ ပစ်သတ်သွားတာ ဝမ်းဗိုက်ကျည်ထိပြီးတော့ အူထွက်သွားတယ်။ ရွာသား ၂ဦးလည်းဖမ်းခံရတယ်”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ သေဆုံးသူ ကိုသာအေး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉နာရီခန့်တွင် နွားစာမြက်ထုံးများအနီးတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူအများအပြားသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယမန်နေ့နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ၂ နာရီ ၅၀ မိနစ်အချိန်ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၃၀ ခန့်သည်ရထားသံလမ်းလျှောက် မြကန် ရွာသို့ဦးတည်သွားခဲ့ပြီး မရမ်းအင်းကျေးရွာအပိုင် ရွာနှစ်ရွာကြားရှိ နေအိမ်များနှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသော အသက် ၆၅ နှစ်အရွယ် ဦးသာအေး။