
ရှမ်းအရှေ့မြောက် မုံးကိုးဒေသကို စစ်ကူဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို MNDAA ကိုးကန့်တပ်မတော် က ခါလန်ဟော်နေရာကနေ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကား ၈ စီးထိမှန်ခဲ့ပြီး ၂စီးဟာ ခဲယမ်းမီးစွဲလို့ ပေါက်ကွဲပျက်စီးခဲ့တယ်လို့ ကိုးကန့်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကူတွေကို လော်ကူနဲ့ နမ်စူကြား ဘတ်ထရီစက်ရုံအနီးနဲ့ ခါလန်ဟော်နေရာကနေ မနေ့ နိုဝင်ဘာ ၃ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ဘယ်နှယောက်သေတယ်ဆိုတာ အတည်ပြု ဖော်ပြခြင်းမရှိသေးပေမယ့် မုံးကိုးဒေသကို စစ်အင်အားတွေ ဆက်လက်ဖြည့်တင်းနေတာကြောင့် တိုက်ပွဲအရှိန် ပိုပြင်းထန်လာတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ပန်ဆိုင်းဒေသကနေ မုံးကိုးဒေသဘက်ကို စစ်ကူဖို့ စစ်ကား(၃၄)စီး ထွက်ခွာလာခဲ့ပြီး မုံးကိုးဒေသမှာ အခြေချတဲ့ စစ်ကောင်စီတပ်ဟာလည်း ကိုးကန့် MNDAA ခံတပ်ကို ဆက်လက်ထိုးစစ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်သတင်းစဉ်က ဆိုပါတယ်။
နိုဝင်ဘာလ ၁ ရက်မှ ၂ ရက်နေ့အတွင်း စစ်ကောင်စီဟာ မုံးကိုးခရိုင်၊ ဖောင်းဆိုင်၊ ရှိကျိကျတောင်းတန်းနဲ့ မန်ရန်ဒေသ ကိုးကန့် MNDAA ခံတပ်ကို လက်နက်ကြီးကျည်ဆန် စုစုပေါင်း (၁၀၀) ကျော်နဲ့ ပစ်ခတ်ခဲ့ပြီး MNDAA ဘက်က ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။