
ယမန်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂျယ်တောင်အနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရအပြီး အဆိုပါဒေသအနီး လုံခြုံရေးတင်းကြပ်ကာ မင်းရပ်ကျေးရွာအတွင်း ဆိုင်ကယ်စီးပြည်သူ ၂ ဦးအား အကြောင်းမဲ့ ပစ်ခတ်ရာ ၁ ဦးသေဆုံးသွားခဲ့သလို၊ ဂေါ့အင်းကျေးရွာတွင် တပ်စွဲထားပြီး ကျေးရွာနေ ပြည်သူ ၂ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဂေါ့အင်းကျေးရွာက ဦးလှသောင်းနဲ့ ဦးမောင်စိုးတို့ ၂ ဦးကို နေအိမ်ထဲမှာ လာရောက်ဖမ်းဆီးသွားတယ်၊ ရွာက ဘုန်းကြီးကျောင်းမှ ဖမ်းဆီးထားတယ်။ ရွာသားတွေကိုလည်း ရွာအပြင်ထွက်ရင် စစ်တယ်၊ မစစ်ခံရင် ပစ်ဖမ်းမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့က မင်းရပ်ကျေးရွာရှိ ဆိုင်ကယ်စီး လူငယ် ၂ ဦးကိုလည်း လိုက်လံပစ်ခတ်ခဲ့သည်ဟု သတင်းရရှိပြီး အဆိုပါ လူငယ်များမှာ မင်းရပ်ရွာရှိ ကြံ့ဖွတ်အမာခံထောက်ခံသူများ၏ သားများ ဖြစ်ကြောင်းလည်း သိရှိရသည်။
“ပစ်ခံရတာ ၁ ယောက်ခြေထောက်မှာ ထိတယ်၊ နောက် ၁ ယောက်က လွတ်သွားတယ်။ ခြေထောက်ထိတဲ့သူကိုတော့ ထားဝယ်က စစ်ဆေးရုံမှာ ရောက်နေတယ်၊ နှစ်ယောက်လုံးက ရွာက ကြံ့ဖွတ်အမာခံတွေရဲ့ သားတွေ” ဟု ဒေသခံတစ်ဦးထံမှ သိရှိရသည်။
လက်ရှိတွင် ခြေတောက်ကျည်ထိမှန်ဒဏ်ရာရသူကို ထားဝယ်တပ်နယ်ရှိ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ရွာသား တစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၁ ရက် ယမန်နေ့ နံနက် ၈ နာရီခွဲတွင် လောင်းလုံးမြို့နယ်၊ ဂေါ့အင်းနှင့် ညင်းမော်ရွာကြားရှိ ဂျယ်တောင်အနီးတွင် စစ်ကောင်စီယာဉ် ၁ စီး မိုင်းခွဲခံရပြီး စစ်ကူလာသော စစ်ကောင်စီအဖွဲ့များနှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ၃ ဦး ဒဏ်ရာရရှိပြီး လောင်းလုံး PDF ၁ ဦး ကျဆုံးခဲ့သည်။