
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၇ တပ်ရင်း၏ ကင်းပုန်းတစ်ခုကို ဒီဇင်ဘာလ ၇ ရက် ည ၇ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား ၇ ဦးသေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။
ဒီးမော့ဆို PDF က ရှောင်တခင်ဝင်ရောက်တိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုမှာ ၄၅ မိနစ်ခန့်ကြာမြင့်ကြောင်း၊ လွိုင်ကော်အခြေစိုက် အမြှောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် ညောင်ကုန်းကျေးရွာရှိ အရပ်သားပြည်သူ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ PDF များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF ထံမှ သိရှိရသည်။
ဒီဇင်ဘာက ၅ ရက်နေ့ကလည်း အဆိုပါ ခမရ ၄၂၇ တပ်ရင်း ကင်းပုန်းစခန်းကို ဒီးမော့ဆို PDF က ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ – ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ