
စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေတြိဂံတပ်ရင်း လက်အောက်တွင် အမျိုးသမီးငယ်များပူးပေါင်းပါဝင်သည့် စစ်ကျွန်မခံမြွေဆိုးတသိုက်(LPDF) ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်သည်။
စစ်ကျွန်မခံမြွေဆိုးတသိုက်(LPDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထား ကြောင်းကို ရွှေတြိဂံတပ်ရင်း(Golden Triangle Force)က မတ်လ ၃၀ရက်တွင် သတင်းထုတ်ပြန်ကာ လူထုအားအသိပေး ထားသည်။
“အမှန်တရားအတွက် ယောက်ျားအရင့်မာကြီးများနှင့်တန်းတူ အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ မိန်းမများ၊ ထမိန်အလံထူပြီး စစ်ခွေးတပ်ကိုအမြစ်ဖြတ်မယ်” စသည်ဖြင့် စစ်ကျွန်မခံမြွေဆိုး တသိုက်က ကြွေးကြော်ထားသည်။
စစ်ကျွန်မခံမြွေဆိုးတသိုက်တွင် သွက်လက်သန်မာသည့် အမျိုးသမီးငယ် ၂၀ဦးထက်မနည်း ပါဝင်ပြီး အားလုံးသည် တိုက်ခိုက်ရေးတွင် အားသန်သူများဖြစ်သည်ဟု ရွှေတြိဂံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ တပ်ရင်းအောက်မှာ ထပ်ဖွဲ့တာ။ သူတို့လည်း စစ်အာဏာရှင်ကို မောင်းထုတ် ချင်တယ်ဆိုပြီး ဝင်လာတာ။ ချက်ပြုတ်ရေးဘက် ဝင်မလား၊ တိုက်ခိုက်ရေးဘက် ဝင်မလားလို့ မေးတော့ အကုန်လုံးက တိုက်ခိုက်ရေးပဲ လုပ်မယ်လို့ ဖြေကြတာ”ဟု ပြောသည်။
စစ်ကျွန်မခံမြွေဆိုးတသိုက်သည် မတ်လ ၂၃ရက်နှင့် ၂၄ရက်က မင်းကင်း မြို့နယ် ကျော်ရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တိုက်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ရွှေတြိဂံတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၇ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။”အောင်ပန်းတွေနဲ့အတူပြန်ခဲ့တဲ့ မြွေဆိုးမလေးများ” ဟု ရွှေတြိဂံတပ်ရင်းက ချီးကျူးထားသည်။