
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မုံရွာ-ယင်းမာပင်-ပုလဲ လမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒေသခံ PDF များဘက်မှ ငါးဦးခန့်ကျဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်နေသည့် PDF အဖွဲ့ထံမှ ယနေ့ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းအချိန်တွင် ကနဦး သတင်း ရရှိထားသည်။
ဒေသခံPDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းအချိန်တွင် ဒေသခံPDF များဘက်မှ လမ်းဖွင့်ပေးခဲ့သောကြောင့် မုံရွာ-ယင်းမာပင်-ပုလဲလမ်းအတိုင်း ပုလဲမြို့ဘက်သို့ ထွက်ခွာသွားပြီဟု သိရသည်။
“ ဒီမနက် ဆားလင်းကြီး PDF ဘက် ဆက်သွယ်ကြည့်တဲ့အခါ လေးယောက်ပျောက်တယ်ပေါ့နော်။ ဒေသခံတွေကို ထပ်မေးတော့ သုံးယောက်ရဲ့ အလောင်းတွေကို ရထားတယ်။ တစ်ယောက်တော့ ပျောက်နေသေးတယ်။ မနေ့က ကျွန်တော်တို့ ဒေသခံ PDF ဘက်က ငါးယောက်ထက် မနည်းကျမယ်လို့ ခန့်မှန်းတယ် ” ဟု ယင်းမာပင်-PDF မှ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၉ ရက်က မုံရွာ-ယင်းမာပင်-ပုလဲ လမ်းတစ်လျှောက်နှင့် ဖိုဝင်တောင်တစ်ဝိုက်တွင် ညပိုင်းအချိန်ထိတိုင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် PDF ဘက်မှ အသုံးပြုသည့် မိုင်းများနှင့် လက်နက်ကြီး ပစ်ကူများကြောင့် စစ်ကောင်စီဘက်မှလည်း အများအပြား ကျဆုံးနိုင်ကြောင်း သိရသည်။
“မနေ့က ၁၀၀ ကျော်လောက် စစ်ကြောင်းထိုးလာတာမှာ နောက်ကြောင်း ပြန်ခေါက်သွားတော့ လူသိပ်တောင် မပါတော့ဘူးလို့ ပြောတာပဲ။ လောလောဆယ်မှာ မနေ့က ထိတွေ့မှုဖြစ်တဲ့နေရာက အရမ်းရှုပ်ထွေးခဲ့တော့ တိတိကျကျ မပြောနိုင်သေးဘူး ” ဟု ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။
ယင်းမာပင်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်တို့မှ ဒေသခံ PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၈ ရက်တွင် ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များသည် နိုဝင်ဘာ ၈ ရက်တွင် ညအိပ်နား တပ်စွဲခဲ့သည့် တယ်ပင်ကန်ရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း ၎င်းက ပြောသည်။
ထို့နောက် ကြေးနီတောင် စီမံကိန်းအတွင်းရှိ စစ်ကောင်စီတပ် ၊ တယ်ပင်ကန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ဒေသခံ PDF များကို အနောက်ဘက်မှ ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။