
အကြမ်းဖက် စစ်ကောင်စီကို နေရာပေးမယ့် အာဆီယံစာရင်းပညာရှင်များအဖွဲ့ချုပ်ရဲ့ စုံညီ ညီလာခံ (AFA)ကို ထောက်ခံပံ့ပိုးမယ့် CPA Australia နဲ့ CA ANZ တို့ရဲ့အစီအစဉ်ကို ပြည်သူလူထုရဲ့ ညီညွှတ်မှုနဲ့ လက်မှတ်ထိုးတောင်းလှုပ်ရှားမှုမှတစ်ဆင့် ရုပ်သိမ်းနိုင်ခဲ့ပြီလို့ Justice For Myanmar (JFM)က သတင်းထုတ်ပြန်ပါတယ်
။မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမ၀င် အာဏာသိမ်းမှု ကြိုးပမ်းမှုဟာ ကိုးလရှိနှင့်ပြီးဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက အရပ်သား ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်၊ တိုက်ခိုက်၊ သတ်ဖြတ်ပြီး ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားတာတွေကို တိုးပြီးဆက်လုပ်နေပါတယ် JFM က ပြောပါတယ်။
ဂျပန်၊ နယူးဇီလန်၊ ယူကေ၊ အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံအသီးသီးတို့က အထင်ကရ နိုင်ငံတကာနဲ့ ဒေသတွင်း စာရင်းကိုင်အဖွဲ့အစည်းတွေဟာ ဂုဏ်သိက္ခာကင်းမဲ့စွာနဲ့ မြန်မာစစ်ကောင်စီရဲ့ စာရင်းစစ်ချုပ်က “အထူးဧည့်သည်တော်” အနေနဲ့ တက်မယ့် အာဆီယံစာရင်းပညာရှင်များအဖွဲ့ချုပ်ရဲ့ စုံညီ ညီလာခံ (AFA) ကို စပွန်ဆာထောက်ပံ့ပြီး ညီလာခံတက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီညီလာခံကို မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်းများအသင်း (MICPA) က ပူးတွဲစီစဉ်ကျင်းပမှာဖြစ်တယ်။စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ကမ်းကုန်အောင် ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။
AFA ရဲ့ အထူး ဧည့်သည်တော်အဖြစ် ဖိတ်ထားတဲ့ ဒေါက်တာကံဇော်ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တစ်ယောက်ဖြစ်ပြီး ဒီလို အသိအမှတ်ပြု ဖိတ်တာကို မဖြစ်မနေ ပယ်ချရမှာ ဖြစ်တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီကို ညီလာခံကနေ မဖယ်ရှားသေးသရွေ့ ဘယ်နိုင်ငံတကာထိပ်သီးစာရင်းကိုင်အဖွဲ့အစည်းမဆို ညီလာခံအတွက် ထောက်ခံပံ့ပိုးနေတာတွေ ချက်ချင်းရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုပါတယ်။
စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်တာကို ပြသဖို့ အားလုံးအတူတကွ ဒီတောင်းဆိုလွှာကို လက်မှတ်ရေးထိုးကြပြီး နိုင်ငံတကာ ရာဇဝတ်ကောင် စစ်ကောင်စီကို ကမ္ဘာ့စင်မြင့်ပေါ်ကနေ ဖယ်ရှားနှင်ထုတ်ရေးနဲ့ အကြမ်းဖက် စစ်အုပ်စုကို ဘယ်နိုင်ငံတကာ ပလက်ဖောင်းပေါ်မှာမှ နေရာမရှိအောင် အားလုံး အတူတကွ လုပ်ကြဖို့လည်း JFM က တိုက်တွန်းပါတယ်။
ကျန်ရှိနေသေးတဲ့ အထင်ကရ နိုင်ငံတကာနဲ့ ဒေသတွင်း စာရင်းကိုင်အဖွဲ့အစည်းများဖြစ်တဲ့ ACCA, ICAEW, IFAC, IMA နဲ့ JICPA တို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီကို ညီလာခံကနေ မဖယ်ရှားသေးသရွေ့ ညီလာခံအတွက် ထောက်ခံပံ့ပိုးနေတာတွေ ရုပ်သိမ်းဖို့ ထပ်ပြီး တောင်းဆိုကြဖို့နဲ့ ပြည်သူတွေ လက်မှတ်ရေးထိုးကြဖို့လည်း JFM က မေတ္တာရပ်ခံထားပါတယ်။
ပါဝင်လက်မှတ်ထိုးဖို့ အခုလင့် https://bit.ly/3bQYefX မှာ ပါဝင်လက်မှတ်ထိုးနိုင်ပြီး လက်မှတ်ထိုး ပါဝင်နိုင်ဖို့ ပြုလုပ်ပုံအဆင့်အဆင့်ကို ပူးတွဲပါပုံမှာ ဖော်ပြထားတယ်လို့ JFM ထုတ်ပြန်ချက်အရ သိရှိရပါတယ်။