
ယခုရက်ပိုင်းတွင် ရှမ်းမြောက်၊ ကိုးကန့်ဒေသရှိ MNDAA တပ်ဖွဲ့ ကျင်ကော်တစ် စခန်းအား အကြမ်းဖက်စစ်ကောင်စီမှ အဆက်မပြတ်ထိုးစစ်ဆင်နေပြီး တိုက်ပွဲဖြစ်ရာနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် စွန့်ခွာသွားသော လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က ရေးသားဖော်ပြသည်။
နိုဝင်ဘာလ ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် MNDAA ကျင်ကော်တစ်စခန်းသို့ ၁၅ မိနစ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ဒုတိယအကြိမ် ၁၇ မိနစ် ထိုးစစ်ဆင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ တပ်မ ၇၇ လက်အောက်ရှိ ၁၀၅၊ ၁၀၆ တပ်ရင်းများအပြင် အမည်မသိရသေးသော တပ်ရင်းများ အထိုင်ချထားကြောင်း၊ မိုးကိုးနှင့် ကွန်းသာဗျူဟာကုန်းများမှ MNDAA ကျင်ကော်တစ် ခံတပ်စခန်းအား လက်နက်ကြီးများဖြင့် အကြိမ်ရေ ၃၀ ကျော်ပစ်ခတ်ခဲ့ကြောင်း၊ MNDAA တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရကြောင်း The Kokang ထံမှ သိရှိရသည်။
စစ်ကောင်စီတပ်သည် ရှမ်းမြောက်ရှိ ကိုးကန့် MNDAA တပ်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ် ရှေ့တန်းသို့ စစ်ကူ အဆက်မပြတ်ပို့ဆောင်နေကြောင်း၊ ဟေးမုံလုံ နမ်စူနှင့် ဟွာချောက်ဒေသများတွင် စစ်ရေးလှုပ်ရှားလာကြောင်း၊ စစ်ကောင်စီတပ်နှင့် MNDAA တပ်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း The Kokang မှ ရေးသားဖော်ပြသည်။
ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စွန့်ခွာသွားသော လက်နက်ခဲယမ်းများ