
ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနှောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေမှုပြုလုပ်ပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“လမ်းထဲက အိမ်တစ်အိမ်မှာ ထိုင်စကားပြောနေတဲ့သူတွေကို ဖမ်းသွားတာပါ။ သူတို့လာရှာတဲ့ သူတွေကို မမိလို့ သက်သက်ခေါ်သွားတာလို့ သိရတယ်။ ရွာသားနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးလို့ လွတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မော်တော်ယာဉ် နှစ်စီး တိုက်ခိုက်ခံရမှု၊ ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကားတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယခုကဲ့သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“သူတို့တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ရွာတွေကို ဝင်မွှေတယ်။ တွေ့တဲ့သူတွေကို ဖမ်းတယ်။ မနေ့ကလည်း လာရှာတဲ့သူကို မတွေ့လို့ဆိုပြီး ဒေးဒနှောရွာက နေအိမ်တွေကို မီးရှို့သွားတယ်။ အိမ်လေးလုံးလောက် မီးလောင်သွားတယ်” ဟု ကွမ်းခြံကုန်းဒေသခံက ပြောသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ဒေးဒနှာကျေးရွာက နေအိမ်နှစ်အိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀ ကျော်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်တွင် နေထိုင်သူများကို မတွေ့ရှိခြင်းကြောင့် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က “ပျံလွှားအောင်” စစ်ဆင်ရေးအမည်ဖြင့် ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ချေမှုန်းမှုများကြောင့် စစ်ကောင်စီ တပ်သား ၁၁ ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်ခံရမှုများကြောင့် ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ရောက်စီးနင်းနေပြီး ရိုက်နှက်ဖမ်းဆီးမှုများကြောင့် ဒေသခံ နှစ်ဦး သေဆုံးမှုရှိကြောင်း၊ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခြင်းကြောင့်လည်း အမျိုးသား နှစ်ဦးသေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ပေါင်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိကာ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံထံမှ သိရသည်။
ပုံစာ – နိုဝင်ဘာလ ၁၄ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေးဒနှောကျေးရွာရှိ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းနေပုံ