
ယမန်နေ့ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာတွင် စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ကာ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့ (နိုဝင်ဘာလ ၈ရက်)တော့ ကျွန်မတို့ဘက်မှာ တိုက်ပွဲမရှိပါဘူး။ မရှိပေမဲ့ ဒီနေ့မနက်ထဲက ရဟတ်ယာဉ် လေးစင်းနဲ့ စစ်ခွေး(စစ်သား)အင်အား ၈၀လောက်ရှိမယ်။ လာချသွားပါတယ်။ ရိက္ခာတွေလည်း ပါပါတယ်။ ဒီနေ့ တစ်နေ့လုံးဆိုရင်တော့ စခ(စစ်သား) အင်အား ၂၀၀ ကျော်ကို လာပို့သွားပါတယ်။ ရဟတ်ယာဉ်နဲ့ ဆယ်ခေါက်ကျော်ပါမယ်။ လိပ်ဆင်းတောင်ရွာမှာ လာချသွားတာပါ” ဟု ဒေသခံ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီး၌ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် စစ်ကောင်စီတပ်သားများ အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ရွာသူ၊ ရွာသားများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ခပေါင်းရုံရွာနှင့် လိပ်ဆင်းတောင်ရွာ ကြားတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင် အချိန် နှစ်နာရီခန့်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။
ယင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်က လိပ်ဆင်းတောင်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာလ ၈ရက်နေ့တွင် ကျွဲတဲရွာရှိ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း နေအိမ်ဖျက်ဆီးခံရ၍ မြစ်ကမ်းနံဘေး တိမ်းရှောင်နေရသည့် ရွာသားများက ပြောသည်။
လက်ရှိတွင် နှစ်ဘက်တိုက်ပွဲများကြောင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သံဃာများအပါအဝင် ဒေသခံ တစ်ထောင်ကျော်မှာ အနီးရှိ တောရွာများနှင့် လုံခြုံသည့် နေရာများတွင် စစ်ရှောင်နေရကြောင်း သိရသည်။ ယမန်နေ့ကလည်း လိပ်ဆင်းတောင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကဆက်လက် တပ်ဆွဲထားကြောင်း သိရသည်။