
ယနေ့နေ့လယ် ၁ နာရီခန့်တွင် လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်း မီးသတ်ရုံနှင့် ကနောင်မင်းသားကြီးလမ်းက မိုးလုံလေလုံအားကစားကွင်းများတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပြည်သူ့တော်လှန်ရေးတပ်သားများက ၇၉မမ လက်နက်ကြီးဖြင့် တစ်ကြိမ်စီ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရွှေလင်ဗန်းစက်မှုဇုံဝန်းထဲမှာ သူတို့တပ်ဆွဲထားတဲ့နေရာရှိတယ်။ ပေါက်ကွဲမှုလည်းဖြစ်တယ်။အပြန်အလှန်ပစ်သံလည်းကြားတယ်။ ဒီတစ်ခါပေါက်တဲ့အသံတော်တော်ကျယ်တယ်။ အိမ်ပါတုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း လက်နက်ကြီးကျည်များသည် ပစ်မှတ်နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပျံလွှားအောင် စစ်ဆင်ရေး စီမံချက်ဖြင့် ပြည်သူ့တော်လှန်ရေးတပ်သားများက ယနေ့တွင် ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်စခန်း အနည်းဆုံးခြောက် နေရာကို တိုက်ခိုက်ခဲ့ပြီး ရှစ် ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။