
စစ်ကောင်စီ ဩဇာခံအဖြစ် ရပ်တည်နေတဲ့ အရာထမ်း၊အမှုထမ်းဝန်ထမ်း (၁၀၉) ယောက်ကို ရာထူးက ထုတ်ပယ်ပြီး ပြည်သူ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
NUG အစိုးရက ပြီးခဲ့တဲ့နှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့ဝန်ထမ်းတွေ (CDM) လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် တစ်နှစ်ပြည့်တဲ့အထိ ပူးပေါင်းပါဝင်တာ မရှိဘဲ စစ်ကောင်စီရဲ့ဩဇာခံအဖြစ်ဆက်လက်ရပ်တည်နေတဲ့အတွက် ရာထူးကထုတ်ပယ်လိုက်ရတာလို့ ဆိုထားပါတယ်။
ဒါ့အပြင် ရာထူးက ထုတ်ပယ်လိုက်တဲ့ အရာထမ်း၊ အမှုထမ်းဝန်ထမ်းတွေဟာ ပြည်သူတွေကို ထောက်ပံ့ကူညီပေးတာတွေမရှိဘဲ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊လုယက်တာ၊ နေအိမ်တွေကိုမီးရှို့တာနဲ့ ကလေး သူငယ်တွေကို အရှင်လတ်လတ်မီးရှို့ပြီး ပြစ်မှုကျူးလွန်နေချိန်မှာလည်း လူသားချင်းစာနာမှု အကူအညီ ပေးခဲ့တာမရှိဘဲ စစ်ကောင်စီရဲ့ ဖြတ်(၄)ဖြတ်လုပ်ငန်းတွေကို အလိုတူအလိုပါ လုပ်ဆောင်နေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
စစ်အုပ်စုဘက်မှာ ရပ်တည်နေကြတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက ဝန်ထမ်းတွေရဲ့ ရာထူးတိုးမြှင့်တာ၊ ဝန်ထမ်းအသစ်ခန့်အပ်တာနဲ့ ပညာတော်သင်သွားရောက် တာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်မပြုကြောင်း ကြေညာထားပါတယ်။