
ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အင်လှရွာနှင့် အေးချမ်းသာရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၂ဝဝခန့် ပါဝင်သော ခြေလျင်စစ်ကြောင်းကို ကျွန်းလှ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများနှင့် PDF အဖွဲ့များ ပြောဆိုချက်အရ သိရသည်။
“အဲဒီ ခြေလျင် တက်လာတဲ့ စစ်ကြောင်း တိုက်ခံရတာ။ စစ်တပ်က သေတဲ့သူများတယ်။ သူတို့ တိုက်ခိုက်ခံရတဲ့ အနီးအနားက ရွာတွေကို အခုဝင်မွှေနေတယ်။ ရွာတွေထဲမှာ လည်း မီးတွေလောင်နေတယ်” ဟုဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ တိုက်ခိုက် ခံရပြီးနောက် ပြည်သူများ နေထိုင်သည့် အေးချမ်းသာကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂လုံးမီးလောင် ပျက်စီးခဲ့ကြောင် ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ထို့ပြင် အေးချမ်းသာရွာ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်ရှိချိန်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရသည်။
လက်ရှိတွင် သရက်ပင်၊ ပေကုန်း၊ အေးချမ်းသာ လိပ်ဆင်းတောင် ရွာ စုစုပေါင်း ကျေးရွာ ၄ ခုမှ ပြည်သူများစွာ အိုးအိမ်စွန့်ခွာပြီး တောတောင်များထဲသို့ ထွက် ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
ကျွန်းလှတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် လက်ရှိချိန်တွင် စစ်ကောင်စီ၏ ဗုံးကျဲ လေယာဉ်ပျံများ ပျံဝဲလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။