
ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး ၊ တောင်တွင်းကြီးမြို့ အဖြူရောင်သစ္စာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွင်းအရေးမှူးလည်းဖြစ်၊ မြို့နယ်NLD ပါတီ စည်းရုံးရေးမှူးဖြစ်သူ ကိုရဲကျော်စွာကို ဖမ်းမမိ၍ ဖခင်ဖြစ်သူ ဦးဝင်းရွှေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူကိုရဲကျော်စွာက ပြောကြားသည်။
“ကျွန်တော့်ရဲ့ အဘ ဦးဝင်းရွှေကို စစ်ကောင်စီက ဒုတိယအကြိမ်ထပ်မံဖမ်းဆီးသွားပါတယ်။ မေလ ၂၇ ရက်နေ့ အမေ ဒေါ်စန်းသီတာဝင်းကို ဖမ်းပြီး ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်။ ၅ လပိုင်း ၃၁ ရက်နေ့မှာ အဘ ဦးဝင်းရွှေကို ပထမအကြိမ် ဖမ်းသွားပြီး ၂ ရက်အကြာ ပြန်လွှတ်ပေးခဲ့တယ်။ အခု ဒုတိယအကြိမ် ထပ်ဖမ်းစီးတာ ခံရပါတယ်” ဟု ကိုရဲကျော်စွာက ပြောကြားသည်။
မြို့နယ် NLD ပါတီစည်းရုံးရေးမှူး ကိုရဲကျော်စွာကို စစ်တပ်က လိုက်လံဖမ်းဆီးလျက်ရှိသော်လည်း ဖမ်းမမိ၍ မိသားစုဝင်များကို တောက်လျှောက်ဆိုသလိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် မိသားစုက ကိုရဲကျော်စွာကို သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။
“ညတိုင်း ဧည့်စာရင်းစစ်တယ်ဆိုပြီး တစ်အိမ်လုံးကို ရှာဖွေသွားတာလည်း အကြိမ်ကြိမ်ပါ။ ကျွန်တော်က NLD ပါတီစည်းရုံးရေးတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ မိသားစုကို စဖမ်းကတည်းက အကြိမ်ကြိမ် ဝင်စစ်ဆေးတာ ခံနေရပါတယ်။ အိမ်မှာဆိုလည်း အသံဖမ်းစက်တွေ စစ်ကောင်စီက လယတပ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့အတူ မွန်ပြည်နယ် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် (၇) တွင် နေထိုင်သည့် ဦးရဲလင်းထွဋ်မြင့်ကို စစ်တပ်က နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်း လာရောက်ဖမ်းဆီးရာ ဦးရဲလင်းထွဋ်မြင့်ကို ဖမ်းမမိ၍ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အေးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။
PDF ကို ထောက်ခံသည်ဟု ဆိုကာ ဦးရဲလင်းထွဋ်မြင့် နေအိမ်သို့ စစ်ကား ၅ စီးနှင့် လာဖမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူကို မတွေ့၍ ဇနီးသည် ဒေါ်မြင့်မြင့်အေးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် သားသမီး ၃ ဦးသာ နေအိမ်တွင် ကျန်ရှိကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင်လည်း ဒေါ်မြင့်မြင့်အေးကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း ဒေသခံများက ပြောကြားသည်။
ဓာတ်ပုံ- ကိုရဲကျော်စွာကို ဖမ်းမမိ၍ ဖခင်ဖြစ်သူ ဦးဝင်းရွှေကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။