
ရှမ်းမြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှုကို လျှော့ချရန် မုံးကိုးဒေသရှိ တပ်ခွဲ ၃ ခုအား ဆုတ်ခွာရန် အမိန့်ပေးခဲ့ကြောင်း MNDAA ပြောခွင့်ရ လီထျန်းဖူကို ကိုးကားပြီး The Kokang တွင် သတင်းဖော်ပြသည်။
အလားတူ ပန်ဆိုင်းနှင့် မုံးကိုးကြား တံတားအနီးရှိ စနိုက်ပါတပ်သား ချုံခိုပွိုင့် ၂ ခုကိုပါ ဆုတ်ခွာရန် ညွှန်ကြားခဲ့ကြောင်း လီထျန်းဖူ မှ ပြောဆိုသည်။
MNDAA က ဆုတ်ခွာပေးခဲ့သော တပ်ခွဲ ၃ ခုရှိရာ နေရာများသည် တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးတွင် တည်ရှိပြီး မုံးကိုး-ဖောင်းဆိုင်ကားလမ်းနှင့် မီတာ ၈၀၀ ဝန်းကျင် အကွာအဝေးတွင် တည်ရှိသည်။
ကိုဗစ်ရောဂါကာကွယ်ရေး၊ ပြည်သူလူထု လူမှုစီးပွား အဆင်ပြေရေး၊ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းရေး၊ ၂ ဖက် သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်သိတတ်ရေး၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အား စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် MNDAA က တိုက်တွန်းနှိုးဆော်ကြောင်း The Kokang တွင် ရေးသားထားသည်။
လက်ရှိအချိန်တွင် တရုတ်-မြန်မာ နယ်စပ် မုံးကိုးအနီးတဝိုက်တွင်သာမက သိန္နီ၊ ကွတ်ခိုင်စသော နေရများတွင်ပါ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ကြား တိုက်ပွဲများဖြစ်ပွားနေသည်။