
နိုဝင်ဘာ ၉ရက် ညနေ၆နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ငွေပင်လယ်စက်မှုဇုံ Rui Ning Myanmar Garment စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ) ကျော်ကျော်သည် လှိုင်သာယာ အလယ်ရွာအဝင် မီးပွိုင့်အနီးတွင် သေနတ်ဖြင့် အပစ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။
“ခေါင်းကို အပစ်ခံလိုက်ရတာ။ လှိုင်သာယာဆေးရုံကို ခေါ်သွားကြတယ်။ ဆေးရုံရောက်မှ ဆုံးတယ်လို့ ကြားရတယ်”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
Yangon Eagle ဟုဆိုသည့် ဖေ့ဘုတ်စ်စာမျက်နှာတွင် “ငွေပင်လယ် စက်မှုဇုံ ယူနိုင်းမြန်မာ အထည်ချုပ်စက်ရုံ HR မန်နေဂျာ ကျော်ကြီး (ခ )ကျော်ကျော် အလုပ်သမားများအပေါ် စကစ နှင့် ပေါင်းပီး လူပါး ဝနေသော ဒလန် အား ကျနော်တို့ Yangon Eagle. အဖွဲ့မှ ငရဲသို့ ပို့လိုက်ပါပီ”ဟု ဖော်ပြထားသည်။
အပစ်ခံရ၍ သေဆုံးသူ ကျော်ကျော်သည် ကြံခိုင်ရေးပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Rui Ning Myanmar Garment စက်ရုံတွင် မီးပူထိုးအကြီးအကဲအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စက်ရုံမန်နေဂျာ ဖြစ်လာသူ ဖြစ်သည်။
စက်ရုံအလုပ်သမားများ ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ တိုင်ကြားခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းများတွင် ကိုယ်တိုင်ပါဝင်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ ၂၀၂၁ခု နှစ် ဧပြီ ၂၂ရက်တွင်လည်း ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် စက်ရုံရှိ သမဂ္ဂများကို စစ်သားများစက်ရုံအတွင်း ခေါ်ဆောင်၍ ဖမ်းဆီးခိုင်းခဲ့သေးသည်ဟု အလုပ်သမားများကပြောသည်။
ထို့အပြင် တရုတ်နိုင်ငံသားပိုင် Rui Ning Myanmar Garment စက်ရုံသည် စစ်အာဏာသိမ်းပြီးအချိန်တွင် ဇန်နဝါရီလ လစာထုတ်ပေးရာ၌ W. C. C. ၏လစာတချို့အားဖြတ်တောက်ခြင်း ၊ စက်ရုံရှိသမဂ္ဂအားအသိမှတ်မပြုခြင်း ၊ သဘောတူထားသော အခကြေးငွေအချို့နှင့်ပတ်သက်၍ လျော့ပေးခြင်း၊ ဆေးခွင့်ယူရတာခက်ခဲခြင်း၊ တင်္နလာနေ့မှ စနေနေ့အထိခွင့်မဲ့ပျက်လျှင်အစိုးရရုံးပိတ်ရက်အတွက် မပေးခြင်း၊ သမဂ္ဂနှင့်တိုင်ပင်ခြင်းမရှိဘဲအလုပ်ထုတ်ခြင်း၊ လက်ရှိကျန်ရှိနေသောသမဂ္ဂအားအသိအမှတ်မပြုဘဲ စက်ရုံအကြီးအကဲများမှအလုပ်သမားများကိုEcစာချုပ်အကြောင်းရှင်းပြနေသဖွယ်လိမ်လည်မှတ်တမ်းယူခြင်းနှင့်သမဂ္ဂနှင့် မတိုင်ပင်ဘဲ လူသစ်ခေါ်ယူခြင်း၊ Brandနှင့်ချုပ်ဆိုထားသောစာချုပ်အားဖောက်ဖျက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားများဘက်က တိုင်တန်းပြောဆိုကြသည်။
စက်ရုံဘက်ကိုတော့ ဆက်သွယ်၍ မရနိုင်ခဲ့ပါ။အဆိုပါ Rui Ning Myanmar Garment စက်ရုံတွင်အလုပ်သမား ၇၀၀ ကျော်ရှိကာ အနွေးထည်များ ၊အမျိုးသမီးအထည်များ ချုပ်လုပ်သည်။
ဓာတ်ပုံ- အသတ်ခံရသူ မန်နေဂျာ ကိုကျော်ကြီး