
စစ်ကောင်စီကိုတိုက်ခိုက်ရင်း ကျောက်ထု PDF က အသက် ၁၈နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကျောက်ထု PDFဆီကသိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၇ရက်နေ့က ဆောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကျောက်ထုPDF တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးလို့ သုံးရက်လောက်အကြာ နိုဝင်ဘာ ၂၀ ယမန်နေ့ကမှ ကျဆုံးမှန်းသိခဲ့တာလို့ ကျောက်ထု PDF ရဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
“ စစ်ကောင်စီစစ်ကြောင်းကို သွားပစ်ရင်း ကျည်ထိတာဗျ။ ထိတာက ၁၇ ရက်နေ့ကထိတာကို မနေ့ကမှသိရတယ်၊ တိုက်တဲ့နေတုန်းက လူစုကွဲပြီးကျန်နေခဲ့တာ။ မနေ့ကမှ အလောင်းတွေ့ပြီး ကျမှန်းသိရတာ” လို့ပြောပါတယ်။
ကျဆုံးသူ ရဲဘော်ရဲ့အလောင်းကို စစ်တပ်က ကျောက်ထုမြို့နယ်၊ ဓညဝတီအုပ်စုနားမှာ မြှပ်ထားခဲ့တာဖြစ်ပြီး တွေ့တွေ့ချင်းမှာပဲ ကျောက်ထု PDF က ပြန်တမ်းစာနဲ့အတူ ကောင်းမွန်စွာ ထပ်မံ သင်္ဂြိုလ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ကျောက်ထုPDF အနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်ကို သူရဲကောင်းအဖြစ်အသိအမှတ်ပြုပြီး ကျန်ရစ်ခဲ့တဲ့မိသားစု နဲ့ တိုင်းပြည်ကိုလည်း ဆက်လက်တာဝန်ယူကာ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကျောက်ထု PDF ကသတင်းထုတ်ပြန်ထားပါတယ်။