
စစ်အုပ်စုထောက်ခံသူတွေ ရေးသားထားတဲ့ စစ်တပ်ကောင်းကြောင်း ဆောင်းပါး၊ အာဘော်နဲ့ သတင်းစာပါ အကြောင်းအရာတွေကို နိုင်ငံ့ဝန်ထမ်းတွေ နေ့စဉ်ပြုလုပ်တဲ့ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးကြဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။
စစ်အုပ်စုထောက်ခံသူတွေ ရေးသားထားတဲ့အကြောင်းအရာတွေ ဖြစ်တဲ့ တပ်မတော်သားတွေဟာ နိုင်ငံအပေါ် အနစ်နာခံအသက်ပေးနေရတာ၊ စစ်ကောင်စီက ပြည်သူတွေအတွက် ဦးစားပေး ဆောင်ရွက်ပေးနေတာ၊ NLD အစိုးရက ဥပဒေဘောင်ကျော်လွန်လို့ အာဏာသိမ်းရတာ၊ နိုင်ငံတကာက အထင်မြင်လွဲမှားအောင်ဆောင်ရွက်နေတာ စတဲ့ ကိစ္စရပ်တွေကို ဝန်ထမ်းအစည်းအဝေးမှာ ဆွေးနွေးကြဖို့ မတ်လ နောက်ဆုံးအပတ်မှာ ညွှန်ကြားထားတာပါ။
စစ်ကောင်စီကတော့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဝန်ထမ်းတိုင်း မဖြစ်မနေ သိရှိထားသင့်တာကြောင့် အခုလို ညွှန်ကြားရတာလို့ ဆိုထားပါတယ်။
ဒီညွှန်ကြားမှုကို ဧပြီ ၁ရက်နေ့ကစပြီး ရုံးတိုင်းမှာ ဝန်ထမ်းအချင်းချင်း အပြန်အလှန် ဆွေးနွေးပြီးနောက် မှတ်တမ်းဓာတ်ပုံနဲ့ အသံဖိုင် (၅) မိနစ်စာကို တစ်ပတ်တစ်ခါ သက်ဆိုင်ရာ ဦးစီးဌာနရုံးချုပ်တွေကို တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက စစ်တပ်လော်ဘီစာပေတွေကို ဝန်ထမ်းမိသားစုဆွေမျိုးတွေအပြင် မိမိနေထိုင်ရာပတ်ဝန်းကျင်က ပြည်သူတွေကို ပြန်လည်မျှဝေပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG၊ CRPH၊ PDF နဲ့ ဆက်နွယ်နေသူတွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့နဲ့ အစိုးရယန္တရားများ ပျက်ပြားစေဖို့ ရည်ရွယ် လှုံ့ဆော်တာနဲ့ ဝါဒဖြန့်ခြင်းတာ ပြုလုပ်နေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ အမှားအမှန်ကို ခွဲခြားသိမြင်တက်ဖို့နဲ့ သွေးထိုးလှုံဆော်မှုကို နားမယောင်ကြဖို့လည်း အဲဒီညွှန်ကြားစာမှာ ဖော်ပြပါရှိပါတယ်။