
အာဏာသိမ်း စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများတွင် စစ်မှုထမ်းဟောင်းများအား တစ်ရက်လျှင် ၅ ထောင်ကျပ်ပေး၍ ကင်းစောင့်ခိုင်းနေကြောင်း စစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းထံက သိရသည်။
ယခင် ဇွန်လ ၁ ရက်နေ့ စာသင်ကျောင်းများဖွင့်ချိန်ကလည်း စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်၍ ကင်းစောင့်ခိုင်းခဲ့ပြီး ၄င်းကာလတွင် ကျောင်းစောင့်ခ တစ်ရက်လျှင် ၈ ထောင်ကျပ် ရရှိခဲ့ကြောင်း သိရသည်။
“အရင် ၆ လပိုင်း ကျောင်းဖွင့်တုန်းက ၁၂ နာရီထိ နေ့တပိုင်းဘဲ စောင့်ရတာ ၈၀၀၀ ရတယ်။ အခုက မနက် ၈ နာရီကနေ ညနေကျောင်းဆင်းချိန်ထိ တနေကုန်စောင့်ရတာ။ ၅၀၀၀ ဘဲရတယ်။ အရင်ကထက် ၃ ထောင် လျော့သွားတာပေါ့”ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဟောင်းများအားလုံး အပိုဝင်ငွေ ရရှိစေရန် အလှည့်ကျစနစ်ဖြင့် ကျောင်းလုံခြုံရေးတာဝန်ချ ပေးသည်ဟု ၄င်းကဆက်လက်ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဟောင်းများအား ငွေကြေးပေး၍ ၄င်းတို့၏အရန်အင်အားအဖြစ် အသုံးပြုနေပြီး စာသင်ကျောင်းကင်းစောင့်ခိုင်းခြင်း၊ စစ်တပ်ထောက်ခံပွဲများတွင် လိုက်ပါခိုင်းခြင်းတို့အား စေခိုင်းနေကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီမှ စစ်မှုထမ်းဟောင်းများအား စစ်ပညာများပြန်လည်သင်ကြား၍ လက် နက်တပ်ဆင်ပေးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးတွဲ၍ လုံခြုံရေးနှင့်စစ်ရေးတာဝန်များ ပေး အပ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။