
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီးတိုက်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ဝေဟင်က တိုက်ခိုက်နေသလို မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော YDF၊ PDF-ဆော၊ CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နှင့် ယနေ့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှီရသည်။
“စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး သုံးပြီး ဒီနေ့ နေ့လယ် ၁၂ ခွဲလောက်ကနေ ကျင်းလိန်ကျေးရွာတဝိုက်မှာ အပေါ်ကနေ ရမ်းပစ်နေတာပေါ့။မြေပြင်က ထိုးနေတဲ့ စစ်တပ်က ခလရ ၁၄၀ လို့ သိရတယ်၊ နှစ်ဖက်အကျအဆုံးတော့ လက်ရှိ မသိရသေးဘူး၊ တိုက်ပွဲကတော့ တော်တော်ကြီးတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ် ထိစပ်ဒေသများဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။