
ရန်ကုန်၊ လှည်းကူး ညောင်နှစ်ပင်စက်မှုဇုန်အတွင်းက C9 လိုင်းရှိ သပြေခြံတစ်ခြံကို PDF များရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပြီး ခြံပိုင်ရှင်နှင့် ခြံအလုပ်သမားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂ရက် နံနက် ၆နာရီခန့်က စစ်ကား ၁၅စီးခန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး လက်နက်များတွေ့သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။
“မနက်အစောပိုင်း သူတို့စဝင်လာကတည်းက လမ်းအပြည့်ဝင်လာတယ်။ ကားထိုးရပ်ပြီး ခြံစည်းရိုးကိုပါ ခုန်ကျော်ပြီး အကုန်တက်ရှာတာ၊ အိမ်ပေါ်မှာ ခြံပိုင်ရှင် မနှင်းယုလှိုင်နဲ့ သူ့အလုပ်သမားတို့ကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုထားသည်။
အထက်ပါ သပြေခြံအတွင်းသို့ ဝင်ရောက်စီးနင်းခြင်းမပြုမီ ကြာအင်းကျေးရွာအပိုင် တကူတုန်းကျေးရွာရှိ နေအိမ်တစ်အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သေးသည်။
အဆိုပါ နေရာ၌ ဖမ်းဆီးခံရသူ မရှိကြောင်း ရွာခံအချို့က အတည်ပြုပြောသည်။
ဓာတ်ပုံ – လှည်းကူးမြို့ပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများ (ယခင်ပုံဟောင်း)