
မြန်မာနိုင်ငံ၏ ဒေသအသီးသီး၌ အောက်တိုဘာလ (၇)ရက်မှ နိုဝင်ဘာလ (၆)ရက်အထိ တစ်လအတွင်း စစ်ကောင်စီကို ခုခံတွန်းလှန်စစ် (၂၀၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က (၁၃၀၉)ဦး သေဆုံးကာ (၄၆၃)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထိုကာလအတွင်း စစ်ကောင်စီဘက်က ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၁၉၇)ကြိမ်အထိ ရှိခဲ့ပြီး ပြည်သူ (၃၁၃)ဦး သေဆုံးကာ (၆၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၄၂၆)ဦး ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကိန်းဂဏာန်းများမှာ သတင်းမီဒီယာ (၄၀)နှင့် မြေပြင်မှ ရရှိသည့် သတင်းအချက်အလက်များကို အခြေခံဆန်းစစ်ထားခြင်းဖြစ်ပြီး ဖော်ပြပါအရေအတွက်ထက် ပိုမိုမှုများလည်း ရှိနိုင်သည်ဟု NUG က ဆိုသည်။
NUG က ခုခံတွန်းလှန်စစ် ပြုလုပ်ကြရန် ကြေညာသည့် စက်တင်ဘာလ (၇)ရက်မှစတင်ကာ နိုင်ငံ့နေရာ အသီးသီးတွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်နီ၊ ရန်ကုန်၊ မန္တလေး စသည့်ဒေသများတွင် ပိုမိုဖြစ်ပွားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။