
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီး ယနေ့မွန်းလွှဲ ၁ နာရီခန့်က တန့်ဆည်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ဆင်ငယ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“သေဆုံးတာက သုံးယောက်ပါ။ တစ်ယောက်က ဗိုက်ပွင့်နေတယ် ၁၀ ယောက်လောက် ဒဏ်ရာရတယ်။ ပဒေသာမှိုင်းကို ကားအောက်တည့်တည့်ကနေ ဆွဲတာ။ မိုင်းမိတဲ့ကားက မောင်းလို့မရတော့ဘူး။” ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူနှင့် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တန့်ဆည်ရဲစခန်းက ကားတစ်စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သူကပြောသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ဧပြီ ၉ ရက်နေ့ညကလည်း အင်္ကုက္ကားကျေးရွာတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး အချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေကြောင်း သိရသည်။
တန့်ဆည်မြို့နယ်တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရသည်မှာ တစ်လကျော်ခန့်ရှိပြီဖြစ်သည်။