
စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ တမူး-ခမ်းပတ် ကားလမ်းနဲ့ တမူး-အောင်ဇေယျ ကားလမ်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာကြရမယ်လို့ တမူးမြို့အခြေစိုက် တမူး PDF တပ်ရင်း ၁ နဲ့ တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့တပ်ရင်းအတွက် ရိက္ခာတွေကို စစ်ကားနဲ့ မသယ်တော့ဘဲ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူနေတာကြောင့် အခုလို စည်းကမ်းချက်ထုတ်ရတာလို့ တမူး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
သတ်မှတ်လမ်းအပိုင်းမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ခြင်း မပြုဖို့၊ ဖြတ်သန်းခွင့်ပြုချိန် မောင်းနှင်ရာမှာလည်း ယာဉ်နောက်ပိုင်း ကိုယ်ထည်ကို မိုးကာ ဒါမှမဟုတ် တခြားတခုခုနဲ့ ဖုံးအုပ်ထားတာမျိုး လုံးဝ (လုံးဝ) မပြုဖို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ သူတို့ ထောက်တိုင်တွေရဲ့ ထုတ်ကုန်တွေ၊ ဆက်စပ်ပစ္စည်းတွေကို လုံးဝ (လုံးဝ) သယ်ဆောင်ခြင်း မပြုဖို့၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး၊ သစ်၊ ကျွဲ၊ နွား စတဲ့ တရားမဝင် မှောင်ခိုပစ္စည်းတွေကို သယ်ဆောင်ခြင်းမပြုဖို့၊ အိမ်စီးကားနဲ့ မှန်လုံကားတွေ အနေနဲ့ မှန်ချပြီး မောင်းနှင်သွားလာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက် စည်းကမ်းတွေကို မလိုက်နာပါက ပျက်ကွက်သူရဲ့ တာဝန်သာဖြစ်ပြီး နောင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်းတွေက တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။
အခု ထုတ်ပြန်ကြေညာချက်ဟာ မတ် ၃၀ ရက်က စတင်အသက်ဝင်ပြီး ဒီကြေညာချက်ကို ပြန်လည် ပြင်ဆင်ကြောင်း ဒါမှမဟုတ် ပြန်လည်ရုပ်သိမ်းကြောင်း ထပ်မံမထုတ်ပြန်တဲ့အထိ လိုက်နာရမယ်လို့ သတိပေးထားပါတယ်။