
ယနေ့မနက်က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်က စစ်တပ်ကို အားပေးထောက်ခံသည့် YMBA အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်စိုး (ခ) ဖိုး၀ကြီးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးအောင်ကျော်စိုး (ခ) ဖိုး၀ကြီးသည် သေနတ်ဒဏ်ရာဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေစဉ် မွန်းလွဲ ၂ နာရီခွဲ၌ သေဆုံးသွားကြောင်း YMBA အသင်းက သတင်းထုတ်ပြန်ထားသည်။
ဒေသခံအချို့ထံမှ စုံစမ်းချက်အရ ဦးအောင်ကျော်စိုးသည် ယနေ့မနက်ပိုင်းက ဇနီးဖြစ်သူအား အလုပ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် လမ်း၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ဇနီးလည်း ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
YMBA အသင်းသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံသောအဖွဲ့အစည်းအဖြစ် လူသိများထင်ရှားသည်။