
တောင်ကြီးမြို့နယ် အတွင်းမှ ပြည်သူများ အနေနဲ့ နေအိမ်မှ ပြင်ပသို့ သွားလာပါက နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်းအား ယူဆောင် သွားလာရမယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေး ဝန်ထမ်းများက နှိုးဆော်လျက် ရှိကြောင်း သိရပါတယ်။
ပြည်သူများ အနေနဲ့မနက်ဖြန် ဧပြီလ ၁ ရက်မှစတင်ပြီး နေအိမ် ပြင်ပသို့ လည်းကောင်း၊ မြို့နယ်ကျော်လွန် ခရီးသွား/လာရာမှာ လည်းကောင်း မှတ်ပုံတင် မူရင်းကို ယူဆောင်ပြီးမှသာ သွား/လာကြရန် ကြေညာထားခြင်း ဖြစ်ပါတယ်။
ထို့အတူ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံ ပြီးစီးကြောင်း လက်မှတ်ကိုပါ မှတ်ပုံတင်နဲ့အတူ တပါတည်း ယူဆောင်ကြရမည်ဟုလည်း ကြေညာထားကြောင်း သိရပါတယ်။
ထောက်ခံစာနဲ့ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တရားဝင် ထုတ်ပေးတဲ့ မှတ်ပုံတင်အား ပြသ စစ်ဆေးခံရမှာဖြစ်ပြီး ထိုသို့ စစ်ဆေးခြင်းသည် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး မရှိသူများအား ရရှိအောင် ဆောင်ရွက် ပေးလို၍ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာထားကြောင်း သိရပါတယ်။