
တောင်သာမြို့နယ် မင်္ဂလာဦးရပ်ကွက် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦး သေပြီး ဗိုလ်အဆင့်ရှိ စကစတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားသည်ဟု ဒေသခံ တော်လှန်ရေး ပြောက်ကျာတပ်ဖွဲ့ ညီနောင်မဟာမိတ်များက ထုတ်ပြန်သည်။
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီ လက်နက်ကိုင်မျာကို ဒီဇင်ဘာ(၁၂)ရက် ညနေ(၃)နာရီဝန်းကျင်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ညီနောင် မဟာမိတ် ပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးကို နွားထိုးကြီး PDF Natogyi Regional PDF၊ 27 Revolution Forces၊ မြေလတ် PDF နှင့် Seven People Defence Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“စခ လေးကာင် သေတယ်။ ဗိုလ်တစ်ကောင်လည်း ထိတယ်။ သေမယ် မသေဘူး မသိရသေး” ဟု နွားထိုးကြီး PDF ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီ လက်နက်ကိုင်များက ပြန်လည်ပစ်ခတ်သော်လည်း ညီနောင်မဟာမိတ် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
တောင်သာနှင့် နွားထိုးကြီးမြို့နယ်များ အပါအဝင် မြင်းခြံခရိုင်အတွင်း စစ်ကောင်စီက ရွာစဉ်ပတ်မွှေကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းနှင့် တန်ဘိုးကြီး ပစ္စည်းများ လုယက်ခြင်းများ လုပ်ဆောင်နေသည်။