
ယနေ့မနက် ၆:၄၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနှင့်နယ်မြေထိစပ်နေသော ထန်းတပင်မြို့နယ်၊ ပေါက်တန်းရွာရှိ MyTel တာဝါတိုင် ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။
ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ အထိုင်စက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
“ ဘုန်းကြီးကျောင်းနောက်က မိုင်တဲတာဝါတိုင်မှာ ပေါက်တာ။ ဗုံးနှစ်လုံးပေါက်တာ။ ပေါက်ပြီးသိပ်မကြာဘူး စစ်သားတွေ၊ ရဲတွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ရွာအဝင်အထွက်ပိတ်လိုက်တယ်။ ရွာထဲကနေလည်း အပြင်ထွက် မခံ၊ အပြင်ကနေလည်း ရွာထဲအဝင်မခံပဲ ပိတ်ပြီးစစ်တယ်” ဟု ဒေသခံတစ်ဦးမှ သို့ပြောသည်။
ထို့နောက်တွင် ပေါက်ကွဲမှုနှင့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ လူငယ်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်ဟု ဒေသခံများမှ သတင်းပေးပို့ထားပြီး၊ အဆိုပါအချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။