
ထားဝယ်မြစ်ကမ်းနံဘေးက ရွာတစ်ရွာဖြစ်တဲ့ လောင်းလုံးမြို့နယ် ကညုံကျွန်းရွာကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၇ နာရီလောက်မှာ မြေသယ်ကားနှစ်စီးနဲ့အပြည့်တင်ဆောင်လာတဲ့ စစ်သားတွေ ရွာထဲရောက်လာပြီး ကညုံကျွန်းသင်္ချိုင်းကို ဝိုင်းပြီး စီးနင်းနေတယ်လို့ ဆိုပါတယ်။
နောက်ထပ်လည်း စစ်သားတွေထပ်ရောက်လာပြီး အင်းအားဖြည့်တင်းတာတွေလုပ်နေတယ်လို့ဆိုပါတယ်။
“လမ်းတွေပိတ်ပြီးတော့ကို သင်္ချိုင်းကိုဝင်စီးနေတာပါ။ သင်္ချိုင်းအနောက်မှာက ဓနိတောတွေရှိတယ်။ အဲဓနိတောထဲကိုဝင်ရှာမလို့ထင်တယ်။ စစ်ကားတွေက မနက်ကတည်းကရောက်နေတာ အခုမှ သင်္ချိုင်းကိုစဝိုင်းနေတုန်းပဲရှိသေးတယ်” လို့ ဒေသခံတစ်ယောက်က မနက် ၉ နာရီလောက်မှာ ပြောပါတယ်။
ဓနိတောထဲမှာ ဓနိလုပ်သားအချို့ရှိနေတာကြောင့် သူတို့အတွက် စိတ်ပူနေရတယ်လို့ အဲဒီဒေသခံကဆိုပါတယ်။
ဓနိတောဘေးပတ်လည်က လယ်ကွင်းတွေထဲမှာလည်း စပါးရိတ်သိမ်းနေတဲ့ လယ်သမားတွေရှိတယ်လို့ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက်ကလည်း အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာမှာရှိတဲ့ နဘေထပ်တောင်နဲ့ တီဇစ်ကျေးရွာက ဗွီးထောင့်နေရာတွေကို စစ်ကြောင်းထိုးရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။